International News

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် အင်ဒို-ပစိဖိတ်စီးပွားရေး မူဘောင်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် စင်ကာပူနိုင်ငံ၌ ၆-၆-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (Indo-Pacific Economic Framework for Prosperity – IPEF) ဆိုင်ရာ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီကျင်းပသည့် ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးကာလအတွင်း IPEF Clean Economy Investor Forum ကို ကျင်းပပြု လုပ်ခဲ့ပြီး ယင်းဖိုရမ်သို့ အမေရိကန်နိုင်ငံနှင့် အင်ဒို-ပစိဖိတ်ဒေသနိုင်ငံများ၏ သန့်စင်သော စွမ်းအင်သုံးစီးပွားရေး (Clean Economy) ကဏ္ဍမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း၊ ဈေးကွက် အချက်အလက်များရရှိရန်၊ အစိုးရအရာရှိများနှင့် ယင်းစီးပွားရေးကဏ္ဍမှ ပုဂ္ဂိုလ်အချင်းချင်းချိတ်ဆက်နိုင်ရန်၊  စီးပွားရေးမဟာဗျူဟာများ ပေါင်းစပ်လုပ်ဆောင်နိုင်ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများရရှိနိုင်ရန် ရည်ရွယ်၍ ဖိုရမ်ကိုကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက် ခဲ့သည့် IPEF Upskilling Initiative အစီအစဉ်သည် အင်ဒို-ပစိဖိတ်ဒေသရှိ ထွန်းသစ်စနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်အဆင့်ရှိနိုင်ငံများတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုပညာပေးခြင်းနှင့် သင်တန်းများ ပြုလုပ်ခြင်းတွင် အမေရိကန်ကုမ္ပဏီများ၏ ထည့်ဝင်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇) သန်းကျော်ရရှိရန် မျှော်မှန်းခဲ့ပြီး အမေရိကန်ကုမ္ပဏီများ၏ လက်ရှိထည့်ဝင်မှုသည် ယင်းမျှော်မှန်းချက် ကို ကျော်လွန်ခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း၊ ယင်းအစီအစဉ်တွင်ပါဝင်သည့် IPEF မိတ်ဖက်နိုင်ငံများမှာ ဘရူနိုင်း၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း သိရှိရပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် စင်ကာပူနိုင်ငံခရီးစဉ်အတွင်း IPEF မိတ်ဖက်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်၊ ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် တိုးတက်မှု၊ ရာသီဥတုဆိုင်ရာပြဿနာနှင့် အဆင့်မြင့်နည်းပညာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ လာမည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (Indo-Pacific Economic Framework for Prosperity – IPEF) ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် Virtual ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

Source:https://www.commerce.gov/news/press-releases/2024/06/raimondo-announces-ipef-agreements-signed-singapore-announces-23b

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News