International News

စိုးရိမ်ရမည့်အခြေအနေသို့ရောက်လာသည့် အမေရိကန်အစိုးရ၏ကြွေးမြီ

Last Updated:

အမေရိကန်အစိုးရ၏ ကြွေးမြီပမာဏသည် ကျန်ကမ္ဘာ့နိုင်ငံများသို့ သက်ရောက်မှုကြီးမားစေ နိုင်သည့် အဆင့်သို့ရောက်ရှိလာကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၆-၆-၂၀၂၄ ရက်၌ “Hannon’s Take: U.S. Government Debt Is a Growing Concern” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

အမေရိကန်ဗဟိုဘဏ် (Federal Reserve) ၏ အတိုးနှုန်းပြောင်းလဲခြင်းသည် ကမ္ဘာ့နိုင်ငံများရှိ မူဝါဒချမှတ်သူများအပေါ် လွှမ်းမိုးလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် စိုးရိမ်ရမည့်အချက်တစ်ချက်မှာ အမေရိကန်နိုင်ငံသည် စီးပွားရေးတိုးတက်နေသော်လည်း အစိုးရ၏ ကြွေးမြီများပြားပြီး လျင်မြန်စွာ တိုးပွားလာနေကြောင်း၊ အမေရိကန်အစိုးရ၏ ကြွေးမြီတိုးလာခြင်းသည် အသစ်အဆန်းတစ်ရပ်မဟုတ်သော်လည်း ကျန်ကမ္ဘာ့နိုင်ငံများကို သက်ရောက်မှုကြီးမားစေနိုင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ကြွေးမြီပမာဏသည် ချမ်းသာကြွယ်ဝသည့်နိုင်ငံများရှိ ကြွေးမြီ၏ လေးပုံတစ်ပုံခန့်သာရှိခဲ့သော်လည်း ယခုအခါ ယင်း၏ထက်ဝက်ခန့်သို့ ရောက်ရှိနေကြောင်း၊ ဤအချက်မှာ အမေရိကန်နိုင်ငံကဲ့သို့သော Credit Rating မြင့်မားသည့်နိုင်ငံနှင့် နှိုင်းယှဉ်ပါက အခြားချေးငွေရယူလိုသည့် နိုင်ငံများအတွက် ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ချေးငွေချေးယူလိုမှုသည် အခြားနိုင်ငံများအတွက် အတိုးနှုန်းမြင့်မားစေနိုင်သည့် အခြေအနေကို ဖြစ်စေကြောင်း၊ ထို့ကြောင့်နိုင်ငံအချို့၏ ဗဟိုဘဏ်များအနေဖြင့် ချေးငွေစရိတ်ကို လျှော့ချနိုင်ရေး အတိုးနှုန်း လျော့နည်းသတ်မှတ်ရန် လိုအပ်လာမည်ဟု အကြံပြုလျက်ရှိကြကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒမှာ ခက်ခဲသည့် အခြေအနေတစ်ရပ်ဖြစ်ကာ ကာလရှည် အတိုးနှုန်းကို သိသာစွာ သက်ရောက်မှုရှိစေမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာငွေ လိုအပ်ချက်သည် ငွေကြေးဆိုင်ရာအခြေအနေများဖြစ်သည့် ချေးငွေရရှိနိုင်မှုနှင့် အတိုးနှုန်းမြင့်မားမှု စသည့်အခြေအနေများကို ဖြစ်ပေါ်စေခြင်းနှင့် ငွေကြေးဖောင်းပွမှုကိုပါ အားဖြည့်ရာရောက်နိုင်သည်ဟု ပြင်သစ်ဗဟိုဘဏ်ဥက္ကဋ္ဌကဆိုကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) ၏ အဆင့်မြင့် အရာရှိကြီးတစ်ဦးကလည်း အမေရိကန်နိုင်ငံ၏ ချေးငွေချေးယူလိုမှုသည် အခြားဖွံ့ဖြိုးဆဲကမ္ဘာ့နိုင်ငံ များသို့ရောက်ရှိမည့် ချေးငွေရင်းမြစ်များကို လမ်းကြောင်းပြောင်းစေကြောင်း၊ အမေရိကန်နိုင်ငံ၏ ကြွေးမြီမြင့်မားလာခြင်းသည် ဥရောပသမဂ္ဂအတွက် ချေးငွေစရိတ် မြင့်မားလာမည်သာမဟုတ်ဘဲ အခြားစိုးရိမ်ရသည့် အခြေအနေများလည်းရှိနိုင်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် (၁၀) နှစ်ကျော်က အမေရိကန် မူဝါဒချမှတ်သူများက စိတ်ရှုပ်၊ တုန်လှုပ်ခဲ့ကြရပြီး ဥရောပနိုင်ငံများအနေဖြင့်လည်း ပြည်တွင်းနိုင်ငံရေးကိုထောက်ရှု၍ ကြွေးမြီပြဿနာကိုဖြေရှင်းရန်တွန့်ဆုတ်နေခဲ့သည့် အခြေအနေမျိုးနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန် ကြွေးမြီပြဿနာဖြစ်ပေါ်လာပါက ယင်းသည် နိုင်ငံတကာမူဝါဒချမှတ်သူများအတွက် ကြီးမားသည့် ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။  

 

 

Source: https://www.wsj.com/articles/hannons-take-u-s-government-debt-is-a-growing-concern-bc3258e2?mod=economy_feat4_global_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News