International News

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပင်လယ်လိပ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သဘာဝရေပြင်မှ ဖမ်းယူရရှိသောပုစွန်များကို အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်သည့်နိုင်ငံ/ဒေသများအား သတ်မှတ်ထုတ်ပြန်

Last Updated:

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပင်လယ်လိပ် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သဘာဝ ရေပြင်မှဖမ်းယူရရှိသော ပုစွန်များကို အမေရိကန်နိုင်ငံသို့ တင်ပို့သည့် နိုင်ငံ/ဒေသများအား သတ်မှတ်ခဲ့ခြင်းနှင့် ပတ်သက်၍  ယင်းဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာတစ်ဝှမ်း ပင်လယ်လိပ်များ (Sea turtles) ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိကဝတ်ပြုဆောင်ရွက်လျက်ရှိပြီး သဘာဝရေပြင်မှ ပုစွန်ဖမ်းဆီးရာတွင် အမေရိကန်နိုင်ငံရှိ သို့မဟုတ် ပုစွန်ဖမ်းစီးသည့် သဘာဝပတ်ဝန်းကျင်ရှိ ပင်လယ်လိပ်များအား မတော်တဆဖမ်းဆီးမိသည့် အန္တရာယ်မဖြစ်ပေါ်စေရန်အတွက် ပုစွန်ဖမ်းပိုက်ကွန်များ (Shrimp trawl fisheries) အသုံးပြု၍ ပင်လယ်လိပ်များ မတော်တဆဖမ်းဆီးမှု လျှော့ချနိုင်ရေး အစီအစဉ်များကို အသုံးပြုဖမ်းဆီးလျက်ရှိသည့် နိုင်ငံ/ဒေသများကို သတ်မှတ်ကာ နှစ်စဉ်အမေရိကန်သမ္မတကိုယ်စား လွှတ်တော်သို့ ထောက်ခံတင်ပြလျက်ရှိပါသည်။  

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံတင်ပြခြင်းခံရသည့် နိုင်ငံ/ဒေသများအနေဖြင့် အမေရိကန်နိုင်ငံ ဥပဒေ (၁၀၁-၁၆၂) (အခန်း ၆၀၉) (Public Law 101-162 (Section 609)) အရ သဘာဝရေပြင်မှ ဖမ်းယူရရှိသော ပုစွန်များကို တင်ပို့ခွင့်ရရှိပါကြောင်း၊ ယခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံ ၃၇ နိုင်ငံနှင့် ဒေသတစ်ခုကို သဘာဝရေပြင်မှ ဖမ်းဆီးသည့်ပုစွန်များ တင်ပို့ခွင့်ကို ဆက်လက်ခွင့်ပြုခဲ့ပြီး ငါး/ပုစွန်ဖမ်းဆီးသည့်နေရာ ၉ နေရာသည် သဘာဝရေပြင်မှ ပုစွန်များဖမ်းဆီးရာတွင် ပင်လယ်လိပ်များကို မတော်တဆဖမ်းဆီးမှုအန္တရာယ်မှ ကာကွယ်ရန်လုံလောက်သည့် အစီအမံများ ချမှတ်လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယခုသတ်မှတ်ချက်သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားပင်လယ်ရေကြောင်းအုပ်ချုပ်မှုဌာန (National Oceanic and Atmospheric Administration – NOAA) တို့မှ ကိုယ်စားလှယ်များက ယင်းနိုင်ငံများသို့ သွားရောက်လေ့လာခဲ့သည့် အထောက်အထားများကို မူတည်ကာ သတ်မှတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်တွင် ပါဝင်သည့် နိုင်ငံ ၃၇ နိုင်ငံနှင့်ဒေသ ၁ ခုမှာ အာဂျင်တီးနား၊ ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘေလိဇ်၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိန်းမတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အဲလ်ဆာဗေ‌ဒေါ၊ အက်စတိုးနီးယား၊ ဖီဂျီ၊ ဂါဘွန်၊ ဂျာမနီ၊ ဂွာတီမာလာ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ အိုက်စလန်၊ အိုင်ယာလန်၊ ဂျမေကာ၊ မက္ကဆီကို၊ နယ်သာလန်၊ နယူးဇီလန်၊ နီကာရာဂွာ၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ အိုမန်၊ ပနားမား၊ ပီရူး၊ ရုရှား၊ သိရီလင်္ကာ၊ ဆူရီနမ်၊ ဆွီဒင်၊ ဗြိတိန်၊ ဥရုဂွေးနှင့် ဟောင်ကောင်တို့ ဖြစ်ပြီး ငါး/ပုစွန်ဖမ်းဆီးသည့်နေရာ ၉ ခုမှာ ဩစတြေးလျတွင် ၄ နေရာ၊ ပြင်သစ်တွင် ၁ နေရာ၊ အီတလီတွင် ၁ နေရာ၊ ဂျပန်တွင် ၁ နေရာ၊ ကိုရီးယားတွင် ၁ နေရာနှင့် စပိန်တွင် ၁ နေရာတို့ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းစာရင်းတွင်ပါဝင်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် မွေးမြူထုတ်လုပ်သည့် ပုစွန်များကိုသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိသည့် မျိုးစိတ်များအက်ဥပဒေ (Endangered Species Act) အရ ကမ္ဘာ့ပင်လယ်လိပ်မျိုးစိတ် ၇ ခု အနက် ၆ ခုကို မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့ရသည့် မျိုးစိတ်များအဖြစ် သတ်မှတ်ထားပါကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် နိုင်ငံများအား နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု အကူအညီများ ပံ့ပိုးပေးလျက်ရှိပြီး Public Law 101-162 (Section 609) အရ စံချိန်စံညွှန်းနှင့်အညီ ထောက်ခံချက်လက်မှတ်များရရှိရန် ကူညီပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အမေရိကန်သို့ သဘာဝရေပြင်မှ ဖမ်းယူရရှိသော ပုစွန်များတင်ပို့သည့် နိုင်ငံများအနေဖြင့် ပုစွန်များဖမ်းဆီးရာတွင် ပင်လယ်လိပ်များကို ကာကွယ်ရန်အတွက် Public Law 101-162 (Section 609) ကဲ့သို့သော ဥပဒေမျိုးကိုပြဋ္ဌာန်းနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။ 

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပုစွန်မတ်ထရစ်တန် ၁၆.၂ တန် အပါအဝင် ရေထွက်ပစ္စည်းစုစုပေါင်း မက်ထရစ်တန် ၈၆၃.၈၆၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၂၃) သန်းဖိုး တင်ပို့ခဲ့ပါကြောင်း သိရှိရပါသည်။

                   

 

Source: https://www.state.gov/sea-turtle-conservation-and-wild-caught-shrimp-imports-into-the-united-states/

 (ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

 

Category: International News