ရုရှားနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့်အထိ ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Mr. Yevgeny Tomikhin က ပြောကြားခဲ့သည်။
ရုရှားစာရင်းအင်းများအရ ရုရှားနှင့် ထိုင်း ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရှိမည်ဖြစ်ပြီး ထိုင်းစာရင်းအရ အနည်းငယ် လျော့နည်းနိုင်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ခန့်မှန်း ၆-၁၁ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိကြောင်း၊ ပိတ်ဆို့ အရေးယူမှုများ တင်းကျပ်သည့်အခြေအနေတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များသည် စက်မှုလုပ်ငန်း၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုကြကြောင်း ရုရှားသံအမတ်ကြီးက ပြောကြား ခဲ့သည်။
ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရုရှားနှင့် ထိုင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၁.၅ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ သည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာ လအထိ ၁၀ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့်ရှိခဲ့သည်။
ရုရှားနိုင်ငံသည် ထိုင်းနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ သံနှင့် သံမဏိ၊ အလူမီနီယံ၊ ဂျုံ၊ ကျောက်မျက်ရတနာ၊ နို့နှင့် နို့ထွက်ပစ္စည်း၊ သတ္တုနှင့် ဆောက်လုပ်ရေးပစ္စည်းများကို အဓိက တင်ပို့ပြီး ထိုင်းနိုင်ငံမှ စက်ပစ္စည်းနှင့် အစိတ် အပိုင်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တာယာ၊ စည်သွတ်သစ်သီးများ၊ စည်သွတ် ပင်လယ်စာ၊ ရော်ဘာ၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ကို အဓိကတင်သွင်း ကြောင်း သိရသည်။
Source : https://tass.ru/ekonomika/22806687
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)