ထိုင်းဈေးကွက်အတွင်းသို့ တန်ဖိုးနည်း တရုတ်ထုတ်ကုန်များ ဝင်ရောက်လာမှုသည် ယခုနှစ် အတွင်း ပိုမိုပြင်းထန်လာဖွယ်ရှိရာ အဆိုပါ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ဥပဒေဆိုင်ရာ အစီအမံများ ဆောင်ရွက်ပေးရန် Joint Standing Committee on Commerce, Industry and Banking (JSCCIB) က တောင်းဆိုလိုက်ကြောင်း သိရှိရပါသည်။
လက်ရှိ အစီအမံများသည် ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်ပေးနိုင်ရန် လုံလောက် သော ခိုင်မာမှုမရှိသောကြောင့် ၎င်းတို့အနေဖြင့် ယင်းသွင်းကုန်များ လွှမ်းမိုးမှုကို တွေ့ကြုံနေရသေး ပါကြောင်း၊ အစိုးရက အကောင်အထည်ဖော်လျက်ရှိသည့် လုပ်ဆောင်ချက်အချို့မှာ ရောင်းအား နည်း သွားစေရန် ပစ္စည်းတန်ဖိုး ၁,၅၀၀ အောက်နည်းသော သွင်းကုန်များအပေါ် အကောက်ခွန်ဦးစီးဌာနက တန်ဖိုးမြှင့်ခွန် ၇ ရာခိုင်နှုန်း ကောက်ခံခြင်းနှင့် Thai Industrial Standard Institute (TISI) က အွန် လိုင်းပလက်ဖောင်းတွင် တင်ပြထားသော စာရင်းရှိ ပစ္စည်းများအပေါ် မကြာခဏ စစ်ဆေးခြင်းတို့ဖြစ် ကြောင်း၊ ထို့ပြင် အရည်အသွေးနိမ့် ပစ္စည်းများကို ပလက်ဖောင်းများမှ ဖယ်ရှားရန် e-commerce ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေးထိုးမည်ဟု အစိုးရ က ထုတ်ပြန်ပြောကြားထားပါကြောင်း JSCCIB အဖွဲ့ဝင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Sanan Angubolkul က ပြောကြားခဲ့ပါသည်။
အစိုးရအနေဖြင့် 1999 Anti-Dumping Act နှင့် 2007 Safeguard Measures on Increased Imports Act တို့ကို အသုံးပြု၍ တရုတ်မှ တန်ဖိုးနည်းသွင်းကုန်များအတွက် အစီအမံများ ထပ်မံထည့် သွင်းစေလိုကြောင်း၊ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်မူဝါဒ အသစ် နှင့်အတူ အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခသည် ယခုနှစ်အတွင်း တစ်ပတ်အသစ်ပြန်လည် လာမည်ဖြစ်ရာ ပိုမိုခိုင်မာသော အစီအမံများ လိုအပ်ပါကြောင်း၊ ထရမ့်ရုံးတက်ပြီးနောက် သွင်းကုန်အား လုံးအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနှင့် တရုတ်သွင်းကုန်များအပေါ် ၆၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း မီဒီယာတွင် ဖော်ပြထားပါကြောင်း Mr. Sanan က ဖြည့် စွက်ပြောကြားခဲ့ပါသည်။
ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ကုန်သွယ်ရေးပဋိပက္ခကြောင့် တရုတ် လုပ်ငန်းရှင်များသည် ကုန်စည်များကို အာဆီယံနိုင်ငံများသို့ ပိုမိုတင်ပို့လာနိုင်ကြောင်း၊ ကုန်သွယ်ရေးပဋိပက္ခကြောင့် ထိုင်းထုတ်လုပ်သူများစွာကို သက်ရောက်ခဲ့ပြီး စက်မှုလုပ်ငန်း အမျိုး ၃၀ ထိ မြင့်တက်လာပါကြောင်း၊ ယခင်နှစ်က တရုတ်သွင်းကုန်များ မြင့်တက်လာခဲ့သောကြောင့် ပြည်တွင်းထုတ်လုပ်သူများသည် ထုတ်လုပ်မှုများကို ရပ်ဆိုင်းပြီး ကုန်ကျစရိတ်အစား တရုတ်ပစ္စည်းများကို တင်သွင်းခဲ့ကြပါကြောင်း၊ ထိုင်းနိုင်ငံသည် ဝယ်ယူမှုစွမ်းအား အားနည်းလာမှုအပေါ် ရုန်းကန်နေရသောကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းလာမည်ကို JSCCIB အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ Mr. Nava Chantanasurakon က ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်အတွင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ကောက်ခံထားသည့် စစ်တမ်းအရ လုပ်ငန်းရှင် ၁၇၅ ဦးနှင့် အဖွဲ့ဝင်များက အွန်လိုင်းပလက်ဖောင်းများက ရောင်းချသော တန်ဖိုးနည်း ပစ္စည်းများကြောင့် ရောင်းအားကျဆင်းခဲ့သည်ဟု အစီရင်ခံကြပါကြောင်း၊ သိသာသော ကဏ္ဍများမှာ အထည်ချုပ်၊ ပရိဘောဂ၊ ပလတ်စတစ်ထုတ်ကုန်များနှင့် ထုပ်ပိုးမှုတို့ဖြစ်ကြောင်း၊ အကောက်ခွန်ဦးစီးဌာနနှင့် TISI တို့ ပူးပေါင်းစစ်ဆေးနေစဉ်အတွင်း တန်ဖိုးနည်း ကုန်ပစ္စည်းများသည် တင်သွင်းနေဆဲဖြစ်ကြောင်း အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ML Peekthong Thingyai က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။