International News

၂၀၃၀ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရက်နှင့်ဘီယာအပေါ် ၁၀၀ % အခွန်စည်းကြပ်သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက အထူးစားသုံးခွန်ဥပဒေ (မူကြမ်း) တွင် အရက်နှင့် ဘီယာများအပေါ် ကောက်ခံသည့် ယစ်မျိုးခွန်ကို ၂၀၂၆ ခုနှစ်မှစတင်၍ ၁၅ ရာခိုင်နှုန်း တိုးမြှင့်ရန်ကောက်ခံသွားရန် အဆိုပြုထားသည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် အရက်အပေါ် ယစ်မျိုးခွန် ၃၅ ရာခိုင်နှုန်းမှ ၆၅ ရာခိုင်နှုန်းထိ ကောက်ခံလျက်ရှိပြီး ဘီယာအပေါ် ၆၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါသည်။ အဆိုပြုချက်အရ ဘီယာအတွက် ကောက်ခံမှုမှာ ၂၀၂၆ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် အယ်လ်ကိုဟော ပါဝင်မှု အနည်းဆုံး ၂၀ ရာခိုင်နှုန်း ပါဝင်သည့် ဝိုင်နှင့် အရက်များအပေါ် ၂၀၂၆ ခုနှစ်တွင် Excise Tax ၈၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ပြီး ၂၀၃၀ တွင် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်သည်။

ဝန်ကြီးဌာနသည် အယ်လ်ကိုဟောပါဝင်မှု ၂၀ ရာခိုင်နှုန်းထက်နည်းသော ဝိုင်နှင့်အရက် များအတွက် ၂၀၂၆ ခုနှစ်တွင် အခွန် ၅၀ ရာခိုင်နှုန်းနှင့် ၂၀၃၀ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်း ကောက်ခံ ရန်အဆိုပြုထားသည်။ အခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းကြောင့် လက်လီနှုန်းထားများ သည် ၂၀၂၆ ခုနှစ်မှစ၍ တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းနှင့် ၎င်းနောက်ပိုင်းတွင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်းမျှော်မှန်းထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့အစည်း၏ အကြုံပြုချက်နှင့် အညီ အချို့သော ထုတ်ကုန်များ၏ ဈေးနှုန်းများကို ၂၀၂၆ မှ ၂၀၃၀ ခုနှစ်အတွင်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် အဆိုပြုခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေး အန္တရာယ်နှင့် လူမှုရေးဆိုင်ရာ အကျိုးဆက်များရှိသည့် အဆိုပါထုတ်ကုန်များ၏ စားသုံးမှု လျော့ချရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News