International News

အာရှနိုင်ငံများအကြား ဈေးနှုန်းမြင့်မားစွာဖြင့် ဆန်များဝယ်ယူခဲ့ခြင်းအပေါ် ဖိလစ်ပိုင်သမ္မတမားကို့စ်မှ ဝေဖန်ပြောကြား

Last Updated:

အာရှနိုင်ငံအသီးသီးမှ၎င်းတို့၏ ဆန်အရန်ရိက္ခာများဖူလုံစေရန်အတွက် စတင်ဝယ်ယူစုဆောင်းခဲ့နေကြခြင်းသည် ဆန်ဈေးနှုန်းမြင့်တက်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပြီး ၎င်းတစ်ဦးတည်းကသာ အစောပိုင်းကာလများကတည်းက ဆန်သိုလှောင်ဈေးကစား သူများနှင့် တရားမဝင်တင်သွင်းရောင်းချသူများအား  ဝေဖန်ထောက်ပြခဲ့မှုများ ရှိကြောင်း ဖော်ပြထား ပါသည်။

အာရှနိုင်ငံများမှာယခုမှစတင်၍ အယ်နီညိုရာသီဥတုဘေးအတွက် ကြိုတင်ပြင်ဆင်နေလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍအား ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ကြောင်း သမ္မတမားကို့စ်မှ ဖိလစ်ပိုင်နိုင်ငံ၊ Zamboanga မြို့ရှိ ဆန်ပေးဝေသည့် အခမ်းအနားတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့အတွက်ကြောင့် အာရှနိုင်ငံအသီးသီးမှ ၎င်းတို့၏ ဆန်အရန်ရိက္ခာ ဖူလုံစေရန် ဆောင်ရွက်နေကြပြီး အင်ဒိုနီးရှား၊ တရုတ်သာမက ထိုင်းနှင့် စင်ကာပူနိုင်ငံများကပင် အသီးသီးဝယ်ယူစုဆောင်းနေကြခြင်းသည် ဆန်ဈေးနှုန်းမြင့်တက်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းကိုလည်း ပြော ကြားခဲ့ပါသည်။

ထိုသို့ဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအနေဖြင့် အမြင့်ဆုံးဆန်ဈေးနှုန်း သတ်မှတ်ချက်အား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိအစောပိုင်းကာလက ပြောကြားခဲ့သည့်အတိုင်း ဆန်ဈေးနှုန်းမြင့်တက်ရခြင်း၏ နောက်ကွယ်တွင် ဆန်သိုလှောင်ရောင်းချသူများနှင့် တရားမဝင်တင်သွင်း ရောင်းချသူများ ပါဝင်ပက်သက်နေခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အစိုးရမှအရွေ့တစ်ခုအနေဖြင့် စပါးအစိုနှင့်အခြောက်တို့အား ဈေးနှုန်းမြင့်ပေး၍ ဝယ်ယူသွားမည်ဖြစ်ပြီး ပြည်တွင်းတောင်သူလယ်သမားများ၏ ဝင်ငွေမြင့်မားစေရန် ရည်ရွယ်ပါကြောင်း၊  ထို့ပြင်ဆန်သိုလှောင်ရောင်းချကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူခဲ့သည့်ဆန်များ အား Zamboanga တွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသူများသို့ သမ္မတမားကို့စ်မှ ဦးဆောင်၍  ဖြန့်ဝေပေးခဲ့ပါသည်။

သိမ်းဆည်းရရှိခဲ့သည့် ဆန်ပမာဏ ပီဆို ၄၂ သန်းတန်ဖိုးရှိ ဆန်အိတ်ပေါင်း ၄၂,၁၈၀ ထဲမှ အိတ် ပေါင်း ၁,၅၀၀ ခန့်အား Pantawid Pamilyang Pilipino Program အရ ခွဲဝေဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရောင်းချသူများအနေဖြင့် ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းကို အထာက်အထားတင်ပြရန် လုံလောက်သောအချိန်တစ်ခုပေးထားကြောင်း ဖော်ပြပါရှိပါသည်။

အကယ်၍ အထောက်အထားခိုင်လုံစွာတင်ပြနိုင်ခြင်းမရှိပါက အစိုးရမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ပြီး ဖိလစ်ပိုင် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒေသအသီးသီးသို့ ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

Source; https://www.cnnphilippines.com/news/2023/9/19/marcos-rice-prices.html?FB&utm_source=izooto&utm_medium= push notifications&utm_campaign=Marcos%20on%20surging%20rice%20prices

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

         

 

Category: International News