International News

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဟိုချီမင်းမြို့သို့ နိုင်ငံခြား ငွေလွှဲမှုပမာဏ ၂၀ % တိုးလာကာ ၅.၂ ဘီလီယံနီးပါး ရောက်ရှိ

Last Updated:

ယခုနှစ်ပထမနှစ်ဝက်တွင် ဟိုချီမင်းမြို့သို့ ပြည်ပငွေလွှဲပမာဏ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံနီးပါးရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်နိုင်ငံတော် ဘဏ် (SBV) ဟိုချီမင်းဘဏ်ခွဲမှ ပြောကြားချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးအချက်အချာကျသည့် ဟိုချီမင်းမြို့သည် ပြည်ပငွေလွှဲမှု စုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းအား အာရှနိုင်ငံများမှ လက်ခံရရှိခဲ့ကြောင်း၊ ငွေလွှဲခြင်း အရင်းအမြစ်များကို အကျိုးရှိရှိ ထိရောက်စွာအသုံးချရန် အရေးကြီးကြောင်း ဟိုချီမင်းဘဏ်ခွဲမှ ဒုတိယညွှန်ကြားရေးမှူး Nguyễn Đức Lệnh က ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်နှင့် ငွေလွှဲပို့မှုများကို ဆက်လက်ဆွဲဆောင်နိုင်ရန်အတွက်  ပြည်ပငွေလွှဲဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် အကြံပြုထားပြီး ဟိုချီမင်းမြို့တော် အနေဖြင့် နိုင်ငံတစ်ဝှမ်း ငွေလွှဲမှုအများဆုံးပမာဏကို အမြဲစာရင်းသွင်းထားကြောင်းနှင့် နိုင်ငံတစ်ဝန်း ငွေလွှဲမှုစုစုပေါင်း၏ ထက်ဝက်ကျော်ရှိကြောင်း သိရှိရသည်။

ယခင်နှစ်က ပြည်ပငွေလွှဲပို့မှုသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုထက် ၂.၇ ဆ ပိုများကြောင်းနှင့် GDP ၏ ၁၄ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ဖော်ပြထားသည်။

ဟိုချီမင်းမြို့တော်သို့ ငွေလွှဲပို့မှု မြင့်တက်လာခြင်းသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်မှု တိုးလာခြင်း၊ အာရှနိုင်ငံများတွင် လုပ်သား၊ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်း ဈေးကွက်များ ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဗီယက်နမ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးနှင့် နိုင်ငံရေး ပတ်ဝန်းကျင်နှင့်အတူ ယှဉ်တွဲနေခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသား ၆ သန်းကျော်သည် နိုင်ငံနှင့်နယ်မြေပေါင်း ၁၃၀ ကျော်တွင် နေထိုင်လျက်ရှိသောကြောင့် ဗီယက်နမ်နိုင်ငံသည် ပြည်ပတွင် နေထိုင်သူများထံမှ ပေးပို့ငွေ အများဆုံး ရရှိသည့် ထိပ်တန်းနိုင်ငံ ၁၀ နိုင်ငံ အနက်မှ တစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News