International News

နိုင်ငံခြားကုန်သွယ်မှုနှေးကွေးနေချိန်တွင် ဂျာမန်စက်မှုလုပ်ငန်းများ၌ အော်ဒါများ ကျဆင်း

Last Updated:

ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် လေးကန်ထိုင်းမှိုင်းနေဆဲဖြစ်ကြောင်း The Federal Statistical Office (Destatis)မှ ၁၉-၈-၂၀၂၄ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းများက ဖော်ပြနေပါ သည်။

စက်မှုလုပ်ငန်းများ၏ အော်ဒါရရှိမှုသည် ဇွန်လထိ ၆ လဆက်တိုက် ကျဆင်းခဲ့ရုံမျှမက ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံးမှာလည်း  နှစ်အလိုက် နှိုင်းယှဉ်ပါက ပထမနှစ်ဝက်တွင် များစွာကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဂျာမန်ထုတ်လုပ်သူများအနေဖြင့် ဈေးနှုန်းများ ချိန်ညှိထားသော်လည်း ယခင်လနှင့် နှိုင်းယှဉ်ပါက ဇွန်လတွင် အော်ဒါရရှိမှု ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့်  ယခင်နှစ် ဇွန်လကထက်  ၆.၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Destatis မှ ပြောကြားခဲ့သည်။ ထိခိုက်မှုအများ ဆုံးကဏ္ဍများမှာ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍနှင့် မော်တော်ကားလုပ်ငန်းတို့ဖြစ်ကြပြီး မေလနှင့်နှိုင်းယှဉ်ပါက ၀.၉ ရာခိုင်နှုန်းနှင့် ၀.၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင်မူ ၁၇ လဆက်တိုက် ကျဆင်းခဲ့သည်ကို တွေ့မြင်နိုင်ပေသည်။ ဇွန်လတွင် ပြည်တွင်းမှ အပြီးသတ်မပြုလုပ်ရသေးသောမှာယူမှုများ ၀.၆ ရာခိုင်နှုန်း ခန့် တိုးတက်လာခဲ့ရာ ယင်းမှာ ပြီးခဲ့သည့် ၄ လအတွင်း ပထမဆုံး မြင့်တက်မှုဖြစ်ခဲ့ပြီး၊ တစ်ဖက်တွင်မူ ပြည်ပမှမှာယူမှုများမှာ ၀.၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါသည်။

ယခုနှစ် (၂၀၂၄ ခုနှစ်) ပထမနှစ်ဝက်တွင် ပို့ကုန်နှင့် သွင်းကုန်နှစ်မျိုးစလုံး ကျဆင်းခဲ့ရာ ပို့ကုန်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၆ ရာခိုင်နှုန်း ကျဆင်းခဲ့၍ ပမာဏအားဖြင့် ယူရို ၈၀၁.၇ ဘီလီယံသာရှိခဲ့ရာ သွင်းကုန်မှာ နှစ်အလိုက် ၆.၂ ရာခိုင်နှုန်းကျဆင်းခဲ့၍  ပမာဏအားဖြင့် ယူရို ၆၆၂.၈ ဘီလီယံသို့ ရောက်ရှိသွားခဲ့ပါသည်။

ပို့ကုန်ကျဆင်းမှုကို ဂျာမနီနိုင်ငံ၏ အဓိကကျသော စက်မှုကဏ္ဍအချို့တွင် သိသာထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ မော်တော်ကားနှင့် ကားအစိတ်အပိုင်းများ တင်ပို့မှုတွင် ၂.၄ ရာခိုင်နှုန်း၊ စက်ယန္တရားပစ္စည်းများတင်ပို့မှုတွင် ၄.၄ ရာခိုင်နှုန်းနှင့် ဓာတုပစ္စည်းများတင်ပို့မှုတွင် ၄.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သို့သော်လည်း မော်တော်ကားကဏ္ဍအတွက် အကြီးမားဆုံးသော ကုန်သွယ်မှုပိုငွေအဖြစ် ယူရို ၆၂.၃ ဘီလီယံနှင့် စက်ယန္တရားပစ္စည်းများအတွက် ကုန်သွယ်မှုပိုငွေ ယူရို ၅၉.၇ ဘီလီယံရှိ ခဲ့ကြောင်းနှင့် တစ်ဖက်တွင်မူ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု၌ ယူရို ၃၂.၅ ဘီလီယံနှင့် စိုက်ပျိုးရေးထွက်ကုန်များ၌ ယူရို ၁၃.၉ ဘီလီယံ အသီးသီး  သွင်းကုန်ပိုလျှံငွေပြခဲ့ကြောင်း သိရှိ ခဲ့ရပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံသည် ဂျာမန်ကုန်ပစ္စည်းများကို ပြင်သစ်နှင့် နယ်သာလန်တို့ထက်ပင် အများဆုံးဝယ်ယူသူဖြစ်သော်လည်း ဂျာမနီသို့ တင်သွင်းမှုအများစုမှာမူ တရုတ်နိုင်ငံမှဖြစ် ကြောင်း ဖော်ပြထားပါသည်။

 

Source:         https://www.dw.com/en/german-industrial-orders-fall-amid-sluggish-foreign-trade/a-69978324

ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်

Category: International News