International News

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား FTA စေ့စပ်ညှိနှိုင်းရေးသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိ

Last Updated:

ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့်အာရပ်စော်ဘွားများပြည်ထောင်စု(UAE)၊ အင်ဒိုနီးရှားနှင့် အီဂျစ်နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဇုန်ဆိုင်ရာသဘောတူညီချက်များ ပြီးစီးလုနီးပါးဖြစ်နေပြီဟု ရုရှားစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Anton Alikhanov က ပြောကြားခဲ့သည်။

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ(Free Trade Agreements-FTA)သည် EAEU နှင့် နိုင်ငံခြား မိတ်ဖက်များဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အဓိကထိရောက်သော ယန္တရားတစ်ခုဖြစ်ကြောင်း၊ FTA ကြောင့် ဗီယက်နမ်၊ ဆားဘီးယား၊ အီရန်တို့နှင့် ရုရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏကို သိသိသာသာတိုးတက်လာစေခဲ့ကြောင်း၊ လက်ရှိတွင် UAE၊ အင်ဒိုနီးရှား၊ အီဂျစ်နိုင်ငံတို့နှင့် FTA ညှိနှိုင်းမှုအဆင့်သည် ပြီးစီးလုနီးပါးအဆင့်တွင်ရှိနေကြောင်း ရုရှားစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

EAEU နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကြား FTA စေ့စပ်ညှိနှိုင်းရေးသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပဉ္စမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လကုန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါသဘောတူညီချက်မူကြမ်းပါစာသားများကို သက်ဆိုင်ရာနိုင်ငံများက အပြီးသတ်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

EAEU သည် ရုရှား၊ အာမေးနီးယား၊ ဘီလာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ္စတန်နိုင်ငံ(၅)နိုင်ငံတို့၏ နက်ရှိုင်းစွာပေါင်းစပ်ထားသော ဒေသတွင်းစီးပွားရေးအသင်းအဖွဲ့တစ်ခုဖြစ်သည်။ EAEU အဖွဲ့ဝင်နိုင်ငံများအတွင်း ကုန်စည်များ၊ဝန်ဆောင်မှုများ၊ အရင်းအနှီးနှင့် လုပ်သားအင်အားများ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ရှိပြီး စီးပွားရေး၏ အဓိကကဏ္ဍများတွင် ဘုံစည်းမျဉ်းမူဝါဒကို ကျင့်သုံးလျက်ရှိသည်။

လက်ရှိတွင် EAEU သည် FTA ညှိနှိုင်းဆွေးနွေးမှုများကို UAE၊ အင်ဒိုနီးရှား၊ အီဂျစ်တို့အပြင် မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်ကုန်ခန့်တွင် မွန်ဂိုလီးယားနိုင်ငံနှင့် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source :        https://ria.ru/20240820/peregovory-1967231873.html

https://tass.ru/ekonomika/21617921

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News