International News

ထိုင်းနိုင်ငံ၌ အီလက်ထရောနစ်စနစ်တစ်ခု တည်ထောင်သွားရန် ရှိသဖြင့် နယ်စပ်ဖြတ်ကျော် ခရီး သွားလာရေး လွယ်ကူချောမွေ့စေရေးအတွက် TM6 လူဝင်မှုကြီးကြပ်ရေးဖောင်များ တောင်းခံခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလအထိ သက်တမ်းတိုး ရပ်ဆိုင်းသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ အီလက်ထရောနစ်ခရီးသွားလာခွင့်ပြုသည့်စနစ်အသစ် (Electronic Travel Authorization-ETA) တွင် ခရီသွားလာရေး အခကြေးငွေကောက်ခံခြင်းကို ပေါင်းစပ်တည်ထောင်သွားရန်ရှိသဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး၌ လွယ်ကူချောမွေ့စေရန် TM6 လူဝင်မှုကြီးကြပ်ရေးဖောင်များ တောင်းခံခြင်းကို ၂၀၂၅ ခုနှစ် ဧပြီလအထိ သက်တမ်းတိုး ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ကုန်းလမ်းနှင့် ရေကြောင်းလမ်းတို့မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်‌ရောက်လာသည့် နိုင်ငံခြားသားများအတွက် TM6 လူဝင်မှုကြီးကြပ်ရေးဖောင်များ တောင်းခံခြင်းအား ၂၀၂၄ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုး ရပ်ဆိုင်းသွားနိုင်ရေး အပေါ် အစိုးရအဖွဲ့က ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ TM6 ဖောင်နေရာတွင် ETA စနစ်ဖြင့် အစားထိုး သွားမည်ဖြစ်ပြီး ယင်းစနစ် တည်ထောင်ရေးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူထားပါ ကြောင်း၊ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဘတ် ၃၀၀ နှင့် ဘတ် ၁၅၀ ခရီးသွား အခကြေးငွေ ကောက်ခံခြင်းကို စနစ်အတွင်း ပေါင်းထည့်နိုင်ရေး လေ့လာနေပါကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီး H.E Mr. Sorawong Thien-thong က ပြောကြားခဲ့ပါသည်။

TM6 ဖောင်တောင်းခံခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့ခြင်းသည် မလေးရှားလူမျိုးများ ဆုန်ခလာသို့ လာရောက်လည်ပတ်ခြင်းကို ၅၀ ရာခိုင်နှုန်းမြင့်တက်စေနိုင်မည်ဖြစ်ကြောင်း၊ ပိတ်ရက်ကာလ များတွင် နေ့စဉ် မလေးရှားခရီးသွား ၂၀,၀၀၀ ဦးမှ ၃၀,၀၀၀ ဦးကြား ဟက်ရိုင်နှင့် ဆုန်ခလာသို့ လာရောက်လည်ပတ်ခဲ့ပါကြောင်း၊ မလေးရှားလူမျိုးများသည် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်လေ့ရှိပြီး ပြည်နယ်အတွက် ထိပ်တန်းဈေးကွက်တစ်ခု ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင် မလေးရှားဧည့်သည်အရေအတွက်နှင့် ဝင်ငွေ စုစုပေါင်းသည် ၂၀၁၉ ကိန်းဂဏန်းထက်ပင် ကျော်လွန်ပါကြောင်း၊ သို့သော် ခရီးသွားလုပ်ငန်းအားနည်းချက်အနေဖြင့် တောင်ပိုင်းသည် လည်ပတ်စရာအသစ်မရှိခြင်းနှင့် ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ‌ အထောက်အပံ့များ မရှိပါကြောင်း ဆုန်ခလာ ခရီးသွားမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr. Songchai Mungprasithichai က ပြောကြားခဲ့ပါသည်။

ခရီးသွားအခကြေးငွေကောက်ခံခြင်းကို နယ်စပ်ဂိတ်များတွင် ဆောင်ရွက်ရာ၌ လွယ်ကူ ချောမွေ့ပြီး ထိရောက်သော နည်းလမ်းဖြစ်စေရေး ဆောင်ရွက်သင့်ပါကြောင်း၊ တောင်ပိုင်းစစ်ဆေးရေးဂိတ်များမှ နေ့စဉ်အနည်းဆုံး ခရီးသွား ၁၀,၀၀၀ ဦးခန့် လာရောက်လျက်ရှိပါကြောင်း၊ ခရီးသွားဘဏ္ဍာငွေသည် ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ‌ အထောက်အပံ့အတွက် အကျိုးကျေးဇူးမရှိမည်ကို ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများက စိုးရိမ်လျက်ရှိပါကြောင်း၊ လက်ရှိအစိုးရနှင့် အဖွဲ့အစည်းများက ခရီးသွားများ တိုးမြှင့်ဝင်ရောက်လာရေးကိုသာ အာရုံစိုက်နေသော်လည်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ‌ အထောက်အပံ့များကိုမူ လျစ်လျူရှုထားပါကြောင်း Mr. Songchai က သုံးသပ်ထားပါသည်။

 

Source: www.bangkokpost.com

 စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News