International News

ထိုင်းနှင့် အမေရိကန်တို့အကြား အခွန်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် အမေရိကန်သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ခွန်များနှင့် နည်းပညာမြင့် စက်မှုဇုန်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Narip-thaphan နှင့် အမေရိကန်သံအမတ်ကြီး H.E Mr. Robert F. Godec တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံမှုတွင် မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများအတွက် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုင်းနိုင်ငံသည် အမေရိကန် ခေတ်မီစက်ရုံများဖြစ်သော ဒီဂျစ်တယ်၊ ဉာဏ်ရည်တု (Artificial Intelligence-AI)၊ အီလက်ထရောနစ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ စသည်တို့အတွက် ထောက်ပံ့မှုကွင်းဆက်တွင်  ထုတ်လုပ်မှုဆိုင်ရာ အခြေစိုက်အဖြစ် ဝန်ဆောင်မှုပေးရန် အဆင် သင့်ဖြစ်နေပါကြောင်း၊ အမေရိကန်၏ နည်းပညာကုမ္ပဏီကြီးများဖြစ်သော HP၊ Google နှင့် Amazon တို့သည် အချက်အလက်စင်တာ (Data Center) များနှင့် Cloud ဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အမေရိကန်ကုမ္ပဏီများကို နိုင်ငံ၏ အစားအစာ ဖူလုံမှုကို ခိုင်မာစေပြီး ဈေးကွက်များသို့ ပို့ကုန်အတွက် အလားအလာမြင့်မားသော ထိုင်းနိုင်ငံ၏အစားအသောက်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သည့် ထိုင်းထုတ်ကုန်များအတွက် Genera-lized System of Preferences (GSP) အခွန်ခံစားခွင့်များကို နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ အကျိုးရှိစေရေးအတွက် အမေရိကန်အစိုးရအနေဖြင့် အသစ်ပြန်လည် ဆောင်ရွက်ပေးစေလိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအပေါ် ထိုင်းနှင့် အမေရိကန်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ စောင့်ကြည့်စာရင်းမှ ကင်းလွတ်သွားပြီဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၆၈.၇ ဘီလီယံ ရှိခဲ့ပါကြောင်း၊ အမေရိကန်၏ ထိုင်းနိုင်ငံ၏ အဆင့် ၁ ပို့ကုန်ဈေးကွက်ဖြစ်ပါကြောင်း၊ အဓိက ပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်များ၊ တယ်လီဖုန်းများ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ ထရန်စစ္စတာများ၊ ဒိုင်အုတ်များ၊ ထရန်စဖော်မာများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ မော်တော်ကားများနှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း၊ တတိယအကြီးဆုံး သွင်းကုန်ဈေးကွက်ဖြစ်ပြီး ရေနံစိမ်း၊ ယန္တရားများ၊ လျှပ်စစ်ဆားကစ်ပြားများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့သည် ခိုင်မာသော ကုန်သွယ်ရေး မိတ်ဖက်များဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ထိုင်းနိုင်ငံသည် အမေရိကန်နိုင်ငံက ပေးအပ်သည့် သက်တမ်းကုန်ဆုံး သွားပြီဖြစ်သည့် Generalized System of Preferences (GSP) အခွန်ခံစားခွင့်များကို အသစ်ပြန်လည်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအတွက် အကျိုး ကျေးဇူးများရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

 စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News