International News

နယ်စပ်ဖြတ်ကျော်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအသုံးချနိုင်ရေးအတွက် လာအိုအစိုးရနှင့် ဆွေးနွေးသွားနိုင်ရေး ထိုင်းနိုင်ငံ အစိုးရက စီစဉ်လျက်ရှိ

Last Updated:

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုသုံးစွဲနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ထိုင်းနှင့် လာအို အစိုးရတို့ တွေ့ဆုံသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

တွေ့ဆုံရေးအစီအစဉ်အောက်မှ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် လာအိုနိုင်ငံမှ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို “Cross-border energy attribute certificate” နည်းလမ်းဖြင့် ဝယ်ယူရန် အားပေးထားပါကြောင်း၊ အဆိုပါ လက်မှတ်သည် လျှပ်စစ်စွမ်းအား ဝယ်ယူသူများကို ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးစွဲခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေးကို ထောက်ခံပါကြောင်း၊ ထိုင်းလျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေး အာဏာပိုင်က လုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ဖြတ်ကျော်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝယ်ယူနိုင်ရေး လုပ်ထုံးလုပ်နည်းအသစ်ကို မူကြမ်းရေးဆွဲနေပါကြောင်း ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေး အာဏာပိုင်အရာရှိက ပြောကြားခဲ့ပါသည်။

လာအိုသည် ရေအားလျှပ်စစ်ကို ပမာဏ ၆ ဂစ်ဂါဝဒ်ဖြင့် ထိုင်းလျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရေး အာဏာပိုင်ထံ ရောင်းချခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပါကြောင်း၊ ထိုင်းမူဝါဒ ဆောင်ရွက်သူများက အသုံးချနိုင်မည့် ဖြစ်နိုင်သော နည်းလမ်းကို ဆွေးနွေးရန် လိုအပ်ပြီး ဆွေးနွေးမှုအောင်မြင်ခဲ့ပါက နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝယ်ယူသူများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချ နိုင်ရေး တွက်ချက်မှုဆိုင်ရာ ပြဿနာများကို ရှင်းလင်းရန် နားလည်မှုစာချွန်လွှာ လိုအပ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနှင့် လာအိုတို့သည် တွက်ချက်မှုပုံစံ ကွဲပြားနိုင်ပါကြောင်း၊ နည်းလမ်းတွင် ပါဝင်သည့် လုပ်ငန်းရှင်များက လာအိုကုမ္ပဏီများထံမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ဝယ်ယူလိုပြီး Egat နှင့် လက်မှတ်မရေးထိုးလိုကြကြောင်း၊ နည်းလမ်းကို ဆောင်ရွက်ချက်အဖြစ် အသွင်ပြောင်းရန်မှာ နည်းပညာနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များပါဝင်သော ဆွေးနွေးမှုရလဒ်အပေါ် မူတည်ပါကြောင်း၊ ထိုင်းနိုင်ငံ အစိုးရသည် သန့်ရှင်းသော စွမ်းအင်အသုံးချရေးကို မြှင့်တင်လျက်ရှိရာ အချက်အလက် စင်တာတည်ထောင်မှုတွင် ကျွမ်းကျင်သော ကုမ္ပဏီများကို နိုင်ငံအတွင်းရှိ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တိုက်ရိုက်ဝယ်ယူရေးအတွက် စမ်းသပ်စီမံကိန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစား၌ Peer-to-peer စွမ်းအင်ဝယ်ယူရေးကို ခွင့်မပြုထားပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ လျှပ်စစ်ကို ရောင်းချလိုသော စွမ်းအင်ကုမ္ပဏီများသည် Egat နှင့် နိုင်ငံအဆင့် စွမ်းအင်ဖြန့်ဖြူးရေး အေဂျင်စီများကို ရောင်းချရန် လိုအပ်ပြီး ၎င်းတို့၏ Grids လိုင်းများမှတစ်ဆင့် ကုမ္ပဏီများနှင့် အိမ်ထောင်စုများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံများ၏ သန့်ရှင်းသော စွမ်းအင် (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) သုံးစွဲမှုကို မြှင့်တင် သည့် လမ်းကြောင်းအတိုင်း ထိုင်းနိုင်ငံကလည်း ဦးတည်သွားလျက်ရှိရာ ကာဗွန်ကုန်သွယ်မှု သည် အလားအလာရှိသော ကုန်သွယ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com  

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News