International News

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အနည်းဆုံးလုပ်ခလစာနှုန်း တိုးမြှင့် ပေးမည့် အစီအစဉ်အပါအဝင် လက်ဆောင်အစီအစဉ်များအတွက် ထိုင်းအစိုးရအနေက စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံနှင့်အဝှမ်း၌ အနည်းဆုံး လုပ်ခလစာနှုန်းထားကို ၄၀၀ ဘတ်သို့ တိုးမြှင့်ပေးမည့်အစီအစဉ်နှင့် လက်ဆောင်ပေးမည့် အစီ အစဉ်များနှင့် စပ်လျဉ်း၍ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn က ပြောကြားခဲ့ပါသည်။

ဘတ် ၄၀၀ နှုန်းထားအတွက် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားပါဝင်သော သုံးပွင့်ဆိုင် လုပ်ခလစာကော်မတီမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ လုပ်ခလစာ တိုးမြှင့်ပေးခြင်းအပြင် freelance နှင့် ကိုယ်တိုင်အလုပ်လုပ်ကိုင်နေသူ ၁ သန်းကျော်အတွက် ပေးထားသည့် အတိုးနှုန်း သက်သာသော ချေးငွေအစီအစဉ်အတွက် သက်တမ်းတိုးမြှင့်ပေးခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ချေးငွေကို ပထမ ၂ နှစ်အတွက် အတိုးမဲ့ဖြစ်ပြီး တတိယနှစ်မှစ၍ အတိုး ၂ ရာခိုင်နှုန်း သတ်မှတ်ထားပါကြောင်း၊ မေဒေးနေ့ လက်ဆောင်အစီအစဉ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့အစည်း (ILO) ကွန်ဗင်းရှင်း၏ အမှတ်စဉ် ၈၇ နှင့် ၉၈ အတွက် အတည်ပြုခြင်းပင်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ကွန်ဗင်းရှင်း ၂ ခုသည် အလုပ်သမားတို့၏ သက်သာချောင်ချိရေးနှင့် အကာအကွယ်ပေးရေးဖြစ်ပြီး အလုပ်ရှင်အနေဖြင့် ကန့်ကွက်လိုသော်လည်း သုံးပွင့်ဆိုင်ကော်မတီက မူအား ဖြင့် သဘောတူညီပြီးဖြစ်သဖြင့် အတည်ပြုချက်ရရှိနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ဇွန်လနှင့် စက်တင်ဘာလတို့တွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ကွန်ဗင်းရှင်း အမှတ်စဉ် ၁၄၄ နှင့် ၁၅၅ တို့သည်လည်း အလုပ်သမားများအတွက် အကျိုးကျေးဇူးပိုမိုများပါကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News