International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (FTA) ညှိနှိုင်းဆွေးနွေးမှု အတွက် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က သဘောတူညီခဲ့

Last Updated:

ထိုင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြင့်စေရေးအတွက် လွတ်လပ်သော ကုန်သွယ်ရေးသဘောစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုအတွက် ထိုင်းနိုင်ငံအစိုးရအဖွဲ့က သဘော တူညီခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ဧပြီလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ထိုင်းနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်၌ FTA ညှိနှိုင်းရေးဆိုင်ရာ စာလွှာကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါစာချုပ် စတင်အသက်ဝင်သည်နှင့် တစ်ပြိုင်နက် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် လူဦးရေ ၁၇၄ သန်းရှိပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသည့် BIMSTEC အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ထိုင်းအစိုးရသည် နိုင်ငံတကာကုန်သွယ်မှု ချဲ့ထွင်နိုင်ရေးအတွက် တတ်နိုင်သမျှ နိုင်ငံများစွာနှင့် FTA လက်မှတ်ရေးထိုးလိုကြောင်း အစိုးရ၏ ပြော‌ရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် စွမ်းအင်အသုံးပြုမှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁.၁၈ ဘီလီယံရှိခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၂ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၁၆၂ သန်းကျော်ရှိခဲ့ပါကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ထိုင်းနိုင်ငံသည် မိမိနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များ အကျိုးကျေးဇူးများ ခံစားနိုင်ရေးအတွက် စီးပွားရေးသံတမန်နည်းလမ်းကို အသုံးပြု၍ ကုန်သွယ်ဖက်နိုင်ငံများနှင့် FTA များ တတ်နိုင်သမျှ လက်မှတ်ရေးထိုးနိုင်‌ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။

 

 

Source: www.bangkokpost.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News