International News

အမြတ်အစွန်းများလွှဲပြောင်းသွားမှုကို ကာကွယ်ရန်အတွက် နိုင်ငံစုံစီးပွားရေးလုပ်ငန်းများ (Multinati-onal Enterprises -MNEs) များထံမှ အခွန်ကောက်ခံနိုင်ရေး ထိုင်းအခွန်ဦးစီးဌာန ဥပဒေမူကြမ်း ရေးဆွဲလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ နိုင်ငံစုံလုပ်ငန်းများမှ အမြတ်အစွန်းများကို နိုင်ငံအတွင်းရှိ ၎င်းတို့၏ လက်အောက် ခံ ကုမ္ပဏီများထံသို့ အခွန်နှုန်းထားအနိမ့်ဖြင့် စီးဆင်းသွားမှုကို ကာကွယ်ရန်အတွက် နိုင်ငံစုံစီးပွားရေးလုပ်ငန်းများထံမှ အခွန်ကောက်ခံသွားနိုင်ရေးဥပဒေကို အခွန်ဦးစီးဌာနက မူကြမ်းပြုစုလျက်ရှိကြောင်း သိရှိရပါသည်။

ဥပဒေကို ငွေဖြည့်အခွန်ဥပဒေ (Top-Up Tax Act) ဟု ခေါ်တွင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၄၀ နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုမူဘောင်ဖြစ်သော G-20 နှင့် Organiza-tion for Economic Cooperation and Development (OECD) ဆုံးဖြတ်ချက်များနှင့်လည်း ကိုက်ညီပါကြောင်း၊ မူဘောင်သည် အခွန်တိမ်းပါးမှုကို ကာကွယ်ရန် အစီအမံများ၊ မဏ္ဍိုင် ၂- Global Anti-Base Erosion Rules ဟုခေါ်သည့် အမြတ်အစွန်းလွှဲပြောင်းခြင်းနှင့် အနည်းဆုံး ကော်ပိုရိတ်ဝင်ငွေခွန်နှုန်း (ကမ္ဘာလုံးဆိုင်ရာ အနိမ့်ဆုံးအခွန်) ၁၅ ရာခိုင်နှုန်းကို သတ်မှတ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အခွန်ပြိုင်ဆိုင်မှုကို တားဆီးရန် ရည်ရွယ်ပါကြောင်း အခွန်ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Vinit Visessuvanapoom က ပြောကြားခဲ့သည်။

မူဘောင်အရ နိုင်ငံစုံစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ အမြတ်အစွန်းများကို လက်အောက် ခံကုမ္ပဏီများသို့ ၁၅ ရာခိုင်နှုန်းထက်နိမ့်သော အခွန်နှုန်းထားဖြင့် လွှဲပြောင်းပေးပါက နိုင်ငံစုံ စီးပွားရေးလုပ်ငန်းများအနေဖြင့် မတူညီသော အခွန်ကောက်ခံမှုဖြင့် ပေးရန်လိုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က တင်ပြလာသော ဖော်ပြပါဥပဒေကို အစိုးရအဖွဲ့က မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ အခွန်ဦးစီးဌာနအနေဖြင့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ယခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အများပြည်သူ၏ အကြံပြုချက်များကို ဝက်ဘ်ဆိုဒ်မှတစ်ဆင့် တောင်းခံရယူပြီးဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဥပဒေကို လွှတ်တော်မှ အတည်ပြုပြီးနောက် တော်ဝင်အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့မှစ၍ စတင်အသက်ဝင်မည်ဖြစ်ကြောင်း၊ ငွေဖြည့်အခွန်ဥပဒေ (Top-Up Tax Act) အရ သတ်မှတ်စက်ရုံများမှ အခွန်ကို ၇၀ ရာခိုင်နှုန်းထက် မကျော်လွန်စေဘဲ အနည်းဆုံး ၅၀ ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်ခေတ်သို့ ရောက်လာသည်နှင့်အမျှ လုပ်ငန်းများမှ အခွန်ကောက်ခံမှု ပုံစံပြောင်းလဲရန် OECD က သတ်မှတ်ချက်ထားရှိပါကြောင်း၊ မဏ္ဍိုင် ၁ အရ ဝင်ငွေ ယူရို ၂၀ ဘီလီယံ ထက်ကျော်လွန်သော နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့ အမြတ်အစွန်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း တွင် ၁၀ ရာခိုင်နှုန်းကို ၎င်းတို့၏ ဝယ်ယူသူများ သို့မဟုတ် အသုံးပြုသူများ နေထိုင်ရာနိုင်ငံများသို့ ခွဲဝေပေးရန်ဖြစ်ကြောင်း သိရှိရပါ သည်။

ယခင်ကာလများတွင် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းများသည် ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုပြသရန် မလိုအပ်ဘဲဝင်ငွေကို နိုင်ငံအတွင်းမှ ရရှိခဲ့ကြပါကြောင်း၊ နိုင်ငံအတွင်း၌ အတည်တကျထည်ထောင်ထားခြင်းမရှိဘဲ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းကဲ့သို့ ဒီဂျစ်တယ်လုပ်ငန်းများထံမှ အခွန်ကောက်ခံရန် မဖြစ်နိုင်ပါကြောင်း၊ မဏ္ဍိုင် ၂ အရ နိုင်ငံတကာကုမ္ပဏီကြီးများ သည် ၎င်းတို့ လုပ်ငန်းလည်ပတ်သည့် နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ အနည်းဆုံး အခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို ၁၅ ရာခိုင်နှုန်းအောက်လျော့နည်း၍ အခွန်ဆောင်ခဲ့ပါက မိခင်ကုမ္ပဏီရှိသည့်နေရာတွင် သတ်မှတ်ထားသည့် ၁၅ ရာခိုင်နှုန်း ပြည့်သည်အထိ ဆောင်ရမည်ဖြစ်ကြောင်း၊ ကောက်ခံရရှိသည့် ဝင်ငွေများကို ရင်းနှီး မြှုပ်နှံမှုဘုတ်အဖွဲ့၏ ယှဉ်ပြိုင်မှုတိုးမြှင့်စေသည့် အက်ဥပဒေ ၂၀၁၇ အရ ယှဉ်ပြိုင်မှု မြှင့်တင်မည့်ရန်ပုံငွေသို့ ခွဲဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံက နိုင်ငံစုံစီးပွားရေးလုပ်ငန်းများ၏ အမြတ်အစွန်းများကို ၎င်းတို့၏ လက်အောက်ခံ ကုမ္ပဏီများသို့ အခွန်နှုန်းထားနည်းနည်းဖြင့် စီးဆင်းသွားမှုမရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News