International News

အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (Federal Trade Commission – FTC) က အလုပ်သမားများ၏ အလုပ်ခန့်ထားမှုစာချုပ်တွင် Noncompete Agreement များ ထည့်သွင်းချုပ်ဆိုရန်တားမြစ်ခဲ့

Last Updated:

အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် (Federal Trade Commission – FTC) က  အလုပ်သမားများ၏ အလုပ်ခန့်ထားမှုစာချုပ်တွင် Noncompete Agreement များ ထည့်သွင်း ချုပ်ဆိုရန် တားမြစ်ကြောင်း The Washington Post အွန်လိုင်းသတင်းတွင် ၂၃-၄-၂၀၂၄ ရက်၌ “FTC bans noncompete agreements for workers” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

FTC သည် အလုပ်သမားများ အလုပ်မှနုတ်ထွက်ပြီး လုပ်ငန်းအသစ်တည်ထောင်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းကို ကန့်သတ်သည့်သဘောတူစာချုပ် (Noncompete agreement) နှင့်ပတ်သက် ၍ တားမြစ်သည့် စည်းမျဉ်းအသစ်ကို ၂၃-၄-၂၀၂၄ ရက်နေ့တွင် အတည်ပြုခဲ့ပြီး အဆိုပါစည်းမျဉ်းအသစ်အရ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများအား လုပ်ငန်းတူသို့ ပြောင်းရွှေ့ခြင်းမှ ကန့်သတ်သည့် အပိုဒ်များကို အလုပ်သမားခန့်ထားမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုခြင်းမပြုလုပ်ရန် တားမြစ်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ထည့်သွင်းချုပ်ဆိုခြင်းကြောင့် အလုပ်သမားများ၏ လုပ်ခလစာနှင့် အလုပ်သမားဈေးကွက်ကို ကန့်သတ်ရာရောက်ကြောင်း၊ အလုပ်သမားခန့်ထားသည့် စာချုပ်များတွင် ယင်းသို့သောအပိုဒ်များ ပါဝင်ပါက တရားဝင်မှုရှိတော့မည်မဟုတ်ဘဲ ပျက်ပြယ်မည်ဖြစ်သကဲ့သို့ လက်ရှိတွင် ယင်းအပိုဒ်များ ပါဝင်နေခြင်းကို အလုပ်ရှင်များက အလုပ်သမားများအား အသိပေးရန်ဖြစ်ကြောင်း၊ FTC အနေဖြင့် ယင်းစည်းမျဉ်းကို လွန်ခဲ့သော (၁၆) လခန့်ကပင် အဆိုပြုထားခြင်းဖြစ်ပြီး လာမည့်ရက်ပေါင်း (၁၂၀) အတွင်း အသက်ဝင်မည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုအရ အမေရိကန်နိုင်ငံသား (၁၈) ရာခိုင်နှုန်းမှာ Noncompete agreement ကြောင့် ကန့်သတ်ခြင်းခံရသည်ဟု ဖော်ပြထားသော်လည်း အခြားသုတေသနများ၏ တွေ့ရှိချက်များအရ ထိုသို့ကန့်သတ်ခံရခြင်းသည် (၅၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းသို့ကန့်သတ်ခံရသည့်လုပ်ငန်းများမှာ နည်းပညာ၊ ဆံပင်အလှပြင်ပညာ၊ ဆေးဝါးနှင့် အက နည်းပြသင်တန်းများလည်း ပါဝင်ကြောင်း၊ လုပ်ခလစာမြင့်မားသူနှင့် လစာနည်းသူ အုပ်စုနှစ်ခုစလုံးတွင် ယင်းကန့်သတ်ချက်များ ကြုံတွေ့ရကြောင်း သိရသည်။

FTC ၏ ခန့်မှန်းချက်အရ Noncompete Agreements ထည့်သွင်းချုပ်ဆိုခြင်းကို တားမြစ် လိုက်ပါက အမေရိကန်နိုင်ငံသား သန်း (၃၀) အတွက် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် လုပ်ခလစာပမာဏသည် အမေရိကန်ဒေါ်လာဘီလီယံ (၃၀၀) အထိ တိုးလာနိုင်ကြောင်း သိရသည်။

ယင်းစည်းမျဉ်းနှင့် ပတ်သက်၍ အမေရိကန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (U.S. Chamber of Commerce) အပါအဝင် စီးပွားရေးလုပ်ငန်းများက ကန့်ကွက်ခဲ့ကြပြီး ၎င်းအပိုဒ်များ ထည့်သွင်းချုပ်ဆိုခြင်းသည် လုပ်ငန်းပိုင်ရှင်၏ သတင်းအချက်အလက်နှင့် လုပ်ငန်းခွင် သင်တန်းများကို ကာကွယ်ရန်လိုအပ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ထိုသို့ချုပ်ဆိုထားသည့် စာချုပ်များမရှိပါက အလုပ်သမားများအနေဖြင့် ပြိုင်ဖက်ကုမ္ပဏီများသို့ ချက်ချင်းပြောင်းရွှေ့သွားနိုင်သည်ဟု ၎င်းတို့ကဆိုကြောင်း၊ အမေရိကန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ယင်း စည်းမျဉ်းနှင့်ပတ်သက်၍ တရားရုံးတွင် ချေပသွားမည်ဟု သိရသည်။

အဆိုပါ Noncompete Agreements ထည့်သွင်းချုပ်ဆိုခြင်းကို အမေရိကန်နိုင်ငံ၏ ကယ်လီဖိုးနီးယား၊ မြောက်ဒါကိုတာနှင့် အိုကလာဟိုးမားပြည်နယ်များတွင် တားမြစ်ထားသည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း၊ ယခင်နှစ်များအတွင်း မြို့တော်ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ် (၁၁) ခုတွင် အနိမ့်ဆုံးလစာ သတ်မှတ်ချက်အောက်ရှိသည့် အလုပ်သမားများ၏ လုပ်ခလစာ သို့မဟုတ် တစ်နာရီလုပ်ခလစာနှင့် ပတ်သက်သော စာချုပ်များကို ဖျက်သိမ်းသည့်ဥပဒေများ ပြဋ္ဌာန်းခဲ့ကြောင်း၊ ကုမ္ပဏီအချို့အနေဖြင့် တရားစွဲဆိုခံရနိုင်သည်ကို သိရှိသော် လည်း Noncompete Agreements ကို စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုကြကြောင်း သိရပါသည်။

 

 

 

Source:https://www.washingtonpost.com/business/2024/04/23/ftc-noncompete-agreements/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News