International News

ဗီယက်နမ် ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် ပိုမိုလွယ်ကူစေရန် တရုတ်နိုင်ငံမှ ကတိပြု

Last Updated:

ဗီယက်နမ်နိုင်ငံမှ ကုန်စည်များ အထူးသဖြင့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များနှင့် အရည် အသွေးမြင့် သစ်သီးဝလံများ တင်ပို့ရန်အတွက် တံခါးဖွင့်ထားပါကြောင်း တရုတ်ဝန်ကြီးချုပ် Li Qiang က ဇွန် ၂၄ ရက်က တရုတ်နိုင်ငံ Liaoning ပြည်နယ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် Pham Minh Chinh အား ပြောကြားခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည့် ၁၅ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေသည့် ဝန်ကြီးချုပ် Chinh သည် တရုတ်နိုင်ငံ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ကုန်စည်များကို သီးခြားခွဲထုတ်ခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်းတို့ကို လွယ်ကူချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့အစည်းနှင့် မူဝါဒဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် ညှိနှိုင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း၊ သို့မှသာ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ရလဒ်သစ်များရရှိစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် Qiang က ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ချိတ်ဆက်မှု အခြေခံအဆောက်အအုံများ တိုးမြှင့်ရန် အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ဘဏ္ဍာ ရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အဆိုပြုခဲ့ပါသည်။

ဝန်ကြီးချုပ် Chinh က သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုကို အရှိန်မြှင့်ရန် အကြံပြုထားပြီး မကြာမီတွင် ဗီယက်နမ်မှ အေးခဲထားသော ဒူးရင်း၊ အုန်းသီးနှင့် အခြားစိုက်ပျိုးရေးနှင့် ရေထွက် ပစ္စည်းများ တင်ပို့နိုင်ရန်အတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို အပြီးသတ် လက်မှတ် ရေးထိုးရန် အကြံပြုထားသည်။

ဗီယက်နမ်အစိုးရခေါင်းဆောင်သည် Chengdu (Sichuan)၊ Haikou (Hainan) နှင့် Nanjing (Jiangsu) တို့တွင် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေးရုံးများကို မကြာမီ ဖွင့်လှစ်သွားရန်အဆိုပြုခဲ့သည်။

နှစ်နိုင်ငံ အကောက်ခွန် ရှင်းလင်းရေး ထိရောက်မှု၊ နယ်စပ်ဂိတ် အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်ရေး၊ စမတ်နယ်စပ်ဂိတ်များ တည်ဆောက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ အချို့သောပူးပေါင်းဆောင်ရွက်မှု ပရောဂျက်များရှိ အတားအဆီးများကို ဖယ်ရှားရန်နှင့် ဗီယက်နမ်နိုင်ငံသို့ တရုတ်၏ ထောက်ပံ့ငွေများ ပေးအပ်မှု အရှိန်အဟုန်မြှင့်ခြင်းတို့နှင့် ပတ်သက်၍ သဘောတူညီခဲ့ကြသည်။

စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာ၊ ဒစ်ဂျစ်တယ် အသွင်ပြောင်း ရေး၊ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ခရီးသွားလာရေးစသည့် နယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဝန်ကြီးချုပ် Chinh မှ အကြံပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News