International News

ဂျာမနီစီးပွားရေးဝန်ကြီး Mr. Habeck တရုတ်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြောကြား

Last Updated:

ဂျာမနီနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သူ Mr. Robert Habeck သည် ဥရောပသမဂ္ဂ (EU) တွင် ရောင်းချလျက်ရှိသော တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ (EVs) အပေါ် သွင်းကုန်အခွန် မြင့်မားစွာ စည်းကြပ်တော့မည်ဟု မကြာသေးမီကာလအတွင်းက သတင်းများ ထွက်ပေါ်လာပြီး တင်းမာမှုများရှိနေစဉ် ၂၁-၆-၂၀၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြိုသို့ သုံးရက်ကြာ အလည်အပတ်ခရီး သွားရောက်ခဲ့ပါသည်။

ဥရောပသမဂ္ဂမှ အခွန်ကောက်ခံမှုဆိုင်ရာ အဆိုပြုချက်ကို ကြေညာပြီးသည့်နောက် Mr. Habeck သည် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့သည့် ဥရောပ၏ အဆင့်မြင့်ဝန်ကြီးဖြစ် ကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံတွင် ကားထုတ်လုပ်သူများအား အစိုးရက ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနေမှုသည် ဥရောပရှိ ကားထုတ်လုပ်သူများအတွက် မမျှတမှုများကို ဖြစ်စေခဲ့သည်ဟု EU က ထောက်ပြထားခဲ့သည်။

ဥရောပမှ တင်သွင်းလာသော လောင်စာဆီသုံး မော်တော်ကားများအပေါ် တင်သွင်းခွန်များ ကို တိုးမြှင့်ကောက်ခံရန် တရုတ်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများက အစိုးရကို တိုက်တွန်း လျက်ရှိပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်ပေါ်လာနိုင်သည့်အရေးကို ခြိမ်းခြောက်နေသည့် ယင်းအဆို ပြုချက်အပေါ် တရုတ်အစိုးရက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

ဥရောပအနေဖြင့် ကုန်သွယ်ရေးပဋိပက္ခများကို ဆက်လက် အရှိန်မြှင့်နေသည့်အတွက် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ဥရောပဘက်၌ တာဝန်အပြည့်အဝရှိမည်ဖြစ် ကြောင်း တရုတ်နိုင်ငံ Ministry of Commerce ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Mr. Habeck သည် ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူနှင့် တရုတ်စက်မှုလုပ်ငန်းများနှင့် ကောင်းမွန်နက်ရှိုင်းသော ဆက်ဆံရေးရှိသူဖြစ်ရာ အခွန်တိုးမြှင့်စည်းကြပ်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သည့် တန်ပြန်အကျိုးသက်ရောက် မှုများကို လျှော့ချနိုင်ရန်နှင့် တရုတ်တို့ လက်တုံ့ပြန်မည်ကို စိုးရိမ်နေကြသည့် ဂျာမန်ကားထုတ်လုပ် သူများအတွက်ပါ Mr. Habeck ၏ တရုတ်ခရီးစဉ်သည် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း တရုတ်နှင့် ဂျာမနီနှစ်ဖက်စလုံးက ရှုမြင်ထားကြပါသည်။ ပြီးခဲ့သည့်နှစ်က ဂျာမနီမှ မော်တော် ကားတင်ပို့မှု စုစုပေါင်း၏ သုံးပုံတစ်ပုံမှာ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။

Habeck ကိုယ်တိုင်က ဂျာမနီက လက်ခံကျင့်သုံးနေသော တရုတ်မဟာဗျူဟာမှာ အမြင် ကျဉ်းမြောင်းပြီး ဥရောပနှင့် ထပ်တူမကျဟု ဝေဖန်ပြောဆိုခဲ့သည်။ ယမန်နှစ်က ထုတ်ပြန်ခဲ့သော ဂျာမန်မူဝါဒစာတမ်းတစ်ခုနှင့် စပ်လျဉ်း၍ Mr. Habeck က မဟာဗျူဟာတစ်ခုဆိုသည်မှာ အနာဂတ်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ မျှော်လင့်ထားသည့်အတိုင်း မည်သည့်အခါမျှ ဖြစ်မလာ စေကာမူ အနာဂတ်အတွက် လမ်းကြောင်းတစ်ခု အနည်းဆုံး ဖော်ပြပေးထားရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ယခုကိစ္စမှာ ဂျာမန်အစိုးရ၏ တရုတ်မဟာဗျူဟာတစ်ခုဖြစ် ကြောင်း၊လွဲမှားနေသည့်အရာမှာ ဥရောပဘက်မှ မည်သို့ဆောင်ရွက်သွားမည်ဟူသော ချဉ်းကပ်မှုမပါရှိကြောင်း၊  များမကြာမီတွင် update ပြုလုပ်ရန် လိုအပ်လာလိမ့်မည်ဖြစ်ကြောင်း Mr. Habeck က ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်း၏ယခုခရီးစဉ်သည် ကုန်သွယ်ရေး တင်းမာမှုများကို ရပ်တန့်သွားစေမည် မဟုတ်ကြောင်း ဆက်လက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၂၂-၆-၂၀၂၄ ရက်တွင် စီးပွားရေးဝန်ကြီး Mr. Habeck က ဥရောပသမဂ္ဂအနေဖြင့် တရုတ် နိုင်ငံထုတ် လျှပ်စစ်ကားများ (EVs) များအပေါ်အခွန်စည်းကြပ်ခြင်းသည် တရုတ်နိုင်ငံအား ဒဏ်ခတ်ခြင်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူများက ဈေးပေါသောကားများကို ဥရောပဈေးကွက်သို့ အစုလိုက်အပြုံလိုက် တင်သွင်းလာခြင်းကြောင့် ယင်းသို့ဆောင်ရွက်မှုကို တုံ့ပြန်နိုင်ရေးအတွက် အီးယူက တရုတ် EV များ တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ရန် အစီအမံများထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းအစီအမံများမှာ ပြစ်ဒဏ်သတ်မှတ်သည့် အခွန်စည်းကြပ် မှုများ မဟုတ်သည်ကို နားလည်လက်ခံရန် အရေးကြီးပါကြောင်း၊ ဥရောပကော်မရှင်အနေဖြင့် တရုတ်နိုင်ငံရှိ ကားထုတ်လုပ်သူများက အစိုးရ၏ ကြီးမားသော အထောက်အပံ့ဖြင့် အကျိုး အမြတ်များ မတရားရယူနေခြင်း ရှိ- မရှိကို (၉)လခန့် အချိန်ယူလေ့လာသုံးသပ်ပြီးမှ ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အီးယူက သေချာစွာသုံးသပ်ပြီးမှ ချမှတ်ခဲ့သော စည်းကြပ်မှုများ ဖြစ်သဖြင့် ယင်းကိုပြစ်ဒဏ်အနေဖြင့် မရှုမြင်ဘဲ တရုတ်ကားထုတ်လုပ်သူများအနေဖြင့် အစိုးရ ၏ ထောက်ပံ့မှုများမှ ရရှိခဲ့သည့် အကျိုးကျေးဇူးအတွက် လျော်ကြေးတစ်ခုအနေဖြင့်သာ သတ်မှတ်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Mr. Habeck က တရုတ်အရာရှိများအား ဥရောပရှိ မော်တော်ယာဉ်လုပ်ငန်းအား အဆင့်မြှင့်တင်နိုင်ရေးသည် ဥရောပသမဂ္ဂအတွက် အလွန်အရေးကြီးပါကြောင်းနှင့် တူညီသော စံချိန်၊ စံနှုန်းများဖြင့် ဈေးကွက်ဝင်ရောက်မှုကိုသာ လက်ခံသင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

China's National Development and Reform Commission ၏ ဥက္ကဌဖြစ်သူ Mr. Zheng Shanjie က တရားမျှတမှုမရှိသော ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက် များကို ငြင်းဆိုခဲ့ပြီး တရုတ်အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီများအားလုံးကို ကာကွယ်နိုင်ရေး လုပ်ဆောင်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်း တိုးတက်လာခြင်းသည် တရားမျှတမှုမရှိသော ပြိုင်ဆိုင်မှုမဟုတ်ကြောင်း၊ အစိုးရ၏ထောက်ပံ့မှုကြောင့် မဟုတ်ဘဲ ပြိုင်ဆိုင်မှုမှ ထွက်ပေါ်လာသော ရလဒ်သာဖြစ်ကြောင်း၊ ယခုအဆိုပြုထား သောအခွန်စည်းကြပ်မှုသည် နှစ်ဖက်စလုံးကို ထိခိုက်နိုင်ကြောင်းနှင့် ဂျာမနီသည်ဥရောပသမဂ္ဂအတွင်း မှန်ကန်သည့် အရာများကိုသာ လုပ်ဆောင်ခြင်းဖြင့် ဦးဆောင်မှုပြုသွားလိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

Mr. Habeck အနေဖြင့် ဂျာမနီ၏ အဓိကကျသော စက်မှုလုပ်ငန်းများ တရုတ်နိုင်ငံအပေါ် မှီခိုနေခြင်းမှ နောက်ပြန်ဆုတ်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချရန် ကြိုးစားနေချိန်တွင် ဂျာမန်ကုမ္ပဏီအချို့သည် တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းနေကြဆဲဖြစ် သဖြင့် နောက်ဆုတ်ရန်နှင့် ရှေ့တိုးရန် ကြိုးစားမှုနှစ်ခုမျှခြေဖြစ်နေသည်ကို တွေ့ရှိရပါသည်။

အခွန်စည်းကြပ်မှုအခြေအနေအား ရှောင်လွှဲနိုင်ရေးအတွက် အီးယူနှင့်တရုတ်အကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂျာမန်နှင့် တရုတ်တာဝန်ရှိသူများက ၂၂-၆-၂၀၂၄ ရက်တွင် အတည်ပြုပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယခုနှစ်မတိုင်မီအထိ ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံအဖြစ်(၈) နှစ်ကြာရပ်တည်ခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဂျာမနီနှင့်အမေရိကန်ကြား ကုန်သွယ်မှုယူရို (၆၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၇.၄ ဘီလီယံ) ရှိခဲ့ပြီး ဂျာမနီနှင့်တရုတ်တို့အကြား ကုန်သွယ်မှုမှာ ယူရို ဘီလီယံ (၆၀) သာရှိကြောင်းနှင့် ၂၀၂၄ ခုနှစ် မေလတွင် ဂျာမနီမှ တရုတ်နိုင်ငံသို့ တင်ပို့မှု၌  ၁၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဂျာမနီမှ အမေရိကန်သို့ တင်ပို့မှု၌ ၄.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/germanys-habeck-in-china-to-talk-tariffs/a-69442665

                        https://www.dw.com/en/habeck-says-eu-tariffs-on-chinese-cars-not-a-punishment/a-69444858

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News