International News

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်များသည် ဉာဏ်ရည်တု(Artificial Intelligence-AI)မှ ဘေးကင်းလုံခြုံ စိတ်ချ ရ

Last Updated:

ထိုင်းနိုင်ငံ အလုပ်အကိုင်ပေါ်တွင် ဉာဏ်ရည်တု (Artificial Intelligence-AI) သည် အသံတိတ် သက်ရောက်မှုရှိနိုင်ပြီး နည်းပညာနှင့်အစားထိုးခြင်းခံရသည့် ဝန်ဆောင်မှုကဏ္ဍရှိ ၄ ရာခိုင်နှုန်းအောက် နည်းသော အလုပ်သမားများတွင်သာ အန္တရာယ်မြင့်မားနေကြောင်းကို ၂၄-၆-၂၀၂၄ ရက်နေ့ထုတ် ဗန်ကောက်ပို့စ် သတင်းစာတွင် “Most Thai jobs safe from AI” ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိပါသည်။

သို့သော် AI စွမ်းရည်မရှိသော ဝန်ထမ်းများကို ငှားရမ်းမည်မဟုတ်ကြောင်း ထိုင်းလုပ်ငန်းရှင် ၇၄ ရာခိုင်နှုန်းက ပြောကြားထားပါကြောင်း Microsoft နှင့် LinkdedIn တို့၏ ပူးပေါင်းလေ့လာထားချက် တွင် ဖော်ပြထားပါသည်။

 AI သည် ၂၀၂၂ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉၁.၉ ဘီလီယံဖြင့် ကမ္ဘာ့ အလျင်မြန်ဆုံးကြီးထွားလျက်ရှိသည့် ကဏ္ဍဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီ ယံထိ နှစ်စဉ်မြင့်တက်လာမည်ဟု ကမ္ဘာ့ထိပ်တန်းရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းအုပ်စု Goldman Sachs က ခန့်မှန်းထားပါကြောင်း၊ AI ကို လက်ခံကျင့်သုံးခြင်းသည် ကမ္ဘာနှင့်အဝှမ်း လုပ်သန်း သန်း ၃၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခြင်းဖြစ်သည်ဟု ပညာရှင်များက  ခန့်မှန်းထားပါကြောင်း၊ ထိုင်းနိုင်ငံ GDP ၏ ၅၂.၄ ရာခိုင်နှုန်းရှိသော ဝန်ဆောင်မှုကဏ္ဍတွင် AI ကြောင့် သက်ရောက်မှုအများဆုံးဖြစ်ကြောင်း၊ အခြားသော နိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိုင်ငံ၏ လုပ်အားစုစုပေါင်း၏ ၄ ရာခိုင်နှုန်းအောက်ပင်နည်းနိုင် ကြောင်း  K-Research ၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

AI အစားထိုးမှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် ဝန်ဆောင်မှုကဏ္ဍတွင်ရှိသော  အလုပ် သမား ၂၈၀,၀၀၀ ပေါ်တွင် မူတည်ပါကြောင်း၊ ကဏ္ဍ GDP ၏ ၃၄.၇ ရာခိုင်နှုန်းတွင် ထိခိုက်နိုင်ကြောင်း၊ ဆောက်လုပ်ရေး (လုပ်သား ၉၀,၀၀၀) နှင့် အိမ်ယာတည်ဆောက်ရေး (လုပ်သား ၁၈၀,၀၀၀) တို့ရှိ အလုပ်သမားများတွင် AI သက်ရောက်မှုနည်းနိုင်သော်လည်း ဘဏ္ဍာရေး (လုပ်သား ၂၉,၀၀၀) နှင့်  ပညာရှင်ဝန်ဆောင်မှု (လုပ်သား ၉၅,၀၀၀) များတွင် သက်ရောက်မှုများနိုင်ကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် အဆင့်မြင့် AI နည်းပညာပေါ်တွင် အရင်းအနှီးမ,တည်ရန် အကြံပြုပါကြောင်း သုတေသန စင်တာက သုံးသပ်အကြံပြုထားပါသည်။

AI မျိုးဆက်ဆိုင်ရာ နည်းလမ်းများကို လုပ်ငန်းခွင်တွင် ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာသည်ကို တွေ့ရှိရပါကြောင်း၊ အလုပ်သမားများက ၎င်းတို့ အဖွဲ့အစည်းမှ AI  နှင့်သက်ဆိုင်သည့် နည်းလမ်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် ညွှန်ကြားချက်များမပေးသော်ငြားလည်း နေ့စဉ်လုပ်ငန်းပြီးမြောက်ရန် အတွက် AI ကို အသုံးပြုသည်ကို စစ်တမ်းကောက်ယူခဲ့ပါကြောင်း၊ AI မှ အကျိုးကျေးဇူးများ ခံစား ရရှိစေရန်အလို့ငှာ အဖွဲ့အစည်းနှင့် ဝန်ထမ်းများကို ကူညီရန်အတွက် ဖြစ်ပေါ်လာသော လမ်းကြောင်း ကို လုပ်ငန်းဦးဆောင်သူများအနေဖြင့် တုံ့ပြန်သင့်ကြောင်း Microsoft Thailand ၏ မန်နေးဂျင်း ဒါရိုက်တာ Mr. Dhanawat Suthumpun က အကြံပြုထားပါသည်။

လုပ်ငန်းခွင်တွင် AI  အသုံးချမှုနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ၃၁ နိုင်ငံမှ ပြည်သူ ၃၁,၀၀၀ ကို စစ်တမ်းကောက်ယူ၍ 2024 Work Trend Index အစီရင်ခံစာတစ်စောင်ကို  Microsoft နှင့် LinkdedIn တို့ ပူးပေါင်းထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံရှိ ဉာဏ်ပညာသမား ၉၂ ရာခိုင်နှုန်းသည် AI ကို အသုံးပြုလျက်ရှိပြီး ကမ္ဘာ့ပျမ်းမျှနှုန်း ၇၅ ရာခိုင်နှုန်းထက်ပင် များနေပါကြောင်း၊ ယင်းအသုံးပြုသူ များအနက်မှ ၈၁ ရာခိုင်နှုန်းသည် ၎င်းတို့ ရွေးချယ်မှုအရ AI ကို အသုံးပြုနေခြင်းကြောင့် “Bring Your Own AI” လမ်းကြောင်းသစ် ဖြစ်လာစေပြီး မဟာဗျူဟာကျသော AI အသုံးပြုမှုနှင့်အတူ ပါဝင်လာမည့် အကျိုးကျေးဇူးများနှင့် လွဲချော်စေပါကြောင်း၊ ၉၁ ရာခိုင်နှုန်းသော ထိုင်းလုပ်ငန်းရှင်များက ယှဉ်ပြိုင် နိုင်မှုအတွက် AI ကို လက်ခံရန်လိုအပ်သည်ကို ယုံကြည်နေသောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ လုပ်သားအင်အားများတွင် AI စွမ်းရည်သည် အရေးပါ သော ပိုင်ဆိုင်မှုအဖြစ်သတ်မှတ်လာလျက်ရှိကြောင်း၊ AI စွမ်းရည်နှင့် လုပ်ငန်းအတွေ့အကြုံ အပေါ် ရွေးချယ်မှုပေးမည်ဆိုပါက ၉၀ ရာခိုင်နှုန်းသော လုပ်ငန်းရှင်များသည် AI စွမ်းရည်ရှိသူကိုသာ ဦးစားပေး ရွေးချယ်မည်ဖြစ်ရာ ယနေ့ခေတ်တွင် ယှဉ်ပြိုင်မှုဖြင့် အလုပ်အကိုင်ရှာဖွေမည် ဆိုပါက AI စွမ်းရည်သည် မရှိမဖြစ် လိုအပ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။         

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News