International News

ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံများအား အမေရိကန်ရေနံနှင့် သဘာဝဓာတ်ငွေ့များဝယ်ယူရန် သတိ ပေးထားပြီး အကယ်၍မဝယ်ယူပါက အကောက်ခွန်သတ်မှတ်ကောက်ခံခြင်းနှင့် ကြုံတွေ့နိုင်

Last Updated:

ဒေါ်နယ်ထရမ့်က ဥရောပနိုင်ငံများအား အမေရိကန်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူရန် သတိပေးထားပြီး အကယ်၍မဝယ်ယူပါက ယင်းနိုင်ငံများမှ သွင်းကုန်များကို အကောက်ခွန် သတ်မှတ်ကောက်ခံမည်ဟု သတိပေးခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က ၎င်းပိုင်လူမှုကွန်ရက် ‘Truth Social’ တွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်မှုလိုငွေပြနေမှုအပေါ် စိုးရိမ်ကြောင်းဖော်ပြခဲ့ပြီး ညှိနှိုင်းမှုနည်းလမ်းအဖြစ် အကောက်ခွန်နှစ်ဆ သတ်မှတ်ကောက်ခံမည်ဟု ခြိမ်းခြောက်ရေးသားခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ထိုသို့ပြောဆိုမှုပြီးနောက် ဥရောပသမဂ္ဂ၏ စတော့ဈေးကွက်သည် ကျဆင်းခဲ့ရာ Stoxx Europe 600 အညွှန်းကိန်းသည် (၂) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ ဥရောသမဂ္ဂအရာရှိများကလည်း ဒေါ်နယ်ထရမ့်သမ္မတရာထူးတာဝန်ထမ်းဆောင်မည့်အခြေအနေကို ကြိုတင်ပြင်ဆင်မှုအဖြစ် အမေရိကန်နိုင်ငံမှ LNG ဓာတ်ငွေ့များ ပို၍ဝယ်ယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအရ ခြိမ်းခြောက်မှုများကို ကိုင်တွယ်မည့်နည်းလမ်းအား မေးမြန်းရာတွင် ဥရောပသမဂ္ဂဥက္ကဋ္ဌ Ms. Ursula von der Leyen က အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား ဘုံစိတ်ဝင်စားသည့်ကိစ္စရပ်များ ရှိကြောင်း၊ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ LNG ဓာတ်ငွေ့အများအပြားဝယ်ယူလျက်ရှိပြီး အကယ်၍ အမေရိကန်နိုင်ငံထံမှ အစားထိုးဝယ်ယူနိုင်ပါက ဈေးနှုန်းသက်သာမည့်အပြင် ဥရောပသမဂ္ဂ၏ စွမ်းအင်ဈေးနှုန်း ကျဆင်းလာနိုင်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို LNG ဓာတ်ငွေ့ သို့မဟုတ် အခြားကုန်ပစ္စည်းများကို ပိုမိုတင်သွင်းရန် တွန်းအားပေးနိုင်ခြင်းမရှိသော်လည်း နိုင်ငံအရေးအရ ကတိကဝတ်အဖြစ် LNG ဓာတ်ငွေ့ဝယ်ယူမှုတိုးမြှင့်ခြင်းဖြင့် ဒေါ်နယ်ထရမ့်နှင့်ဆက်ဆံရေးတွင် အောင်မြင်မှုရရှိနိုင်သည်ဟု ဥရောပသမဂ္ဂအရာရှိများက ယုံကြည်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ဥရောပသမဂ္ဂက အမေရိကန်နိုင်ငံမှ LNG ဓာတ်ငွေ့နှင့် ပဲပုပ်များ ပိုမိုဝယ်ယူရန် ကတိပြုခဲ့သဖြင့် ဒေါ်နယ်ထရမ့်၏ အကောက်ခွန်သတ်မှတ်ကောက်ခံမှုမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် ရေနံထုတ်လုပ်မှုများပြီး LNG ဓာတ်ငွေ့ အဓိကတင်ပို့သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ အမေရိကန်၏ LNG ဓာတ်ငွေ့နှင့် ရေနံစိမ်းကို ဥရောပသမဂ္ဂသို့ အများဆုံးတင်ပို့ပြီး ရုရှား-ယူကရိန်းပဋိပက္ခနောက်ပိုင်းတွင် ပို့ကုန်တိုးမြင့်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အမေရိကန်- ဥရောပသမဂ္ဂကုန်သွယ်ရေးတွင် ကုန်စည်ကုန်သွယ်ရေးကဏ္ဍ၌ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁၆၂)ဘီလီယံရှိခဲ့သော်လည်း ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း၊ ဥရောပသမဂ္ဂအရာရှိများသည် ယခင်လများအတွင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများနှင့် ယင်း၏သက်ရောက်မှုများကို ဆန်းစစ်လေ့လာခဲ့ပြီး အကောက်ခွန်သတ်မှတ်ကောက်ခံမှုကို ရှောင်ရှားရန်နှင့် အမှန်တကယ်အကောက်ခွန်သတ်မှတ်ကောက်ခံပါက တုံ့ပြန်မည့်အစီအစဉ်များကို ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်နိုင်ငံမှ LNG ဓာတ်ငွေ့အပြင် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကာကွယ်ရေးပစ္စည်းများ ဝယ်ယူရန် ကမ်းလှမ်း မည့်အခြေအနေကိုပါ ဆွေးနွေးထားပြီးဖြစ်ကြောင်းနှင့် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်တွင် ဥရောပသမဂ္ဂမှသံမဏိနှင့် အလူမီနီယံသွင်းကုန်များကို အကောက်ခွန် သတ်မှတ်ကောက်ခံခဲ့ရာ ဥရောပသမဂ္ဂကလည်း အမေရိကန်နိုင်ငံမှ Burbon Whisky နှင့် Harley-Davidson မော်တော်ဆိုင်ကယ်ပို့ကုန်များအပေါ် အကောက်ခွန်ကောက်ခံခြင်းဖြင့် တုံ့ပြန်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: International News