International News

တောင်ကိုရီးယားဝမ်ငွေတန်ဖိုးကျဆင်းနေခြင်းနှင့်ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမြင့်မားနေခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏အတိုးနှုန်းလျှော့ချမည့်အစီအစဉ် နှောင့်နှေးနေဦးမည်

Last Updated:

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများအပါအဝင် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုမရှိခြင်း၊ တောင်ကိုရီးယားဝမ်ငွေတန်ဖိုးကျဆင်းနေခြင်း၊ ငွေကြေးဖောင်းပွမှုကျဆင်းနှုန်း နှေးကွေးနေခြင်း စသည့် အချက်များကြောင့် တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်အနေဖြင့် လက်ရှိသတ်မှတ်ထားသည့် အတိုးနှုန်း (၃.၅%) ကို လျှော့ချပေးသွားမည့် အလားအလာမှေးမှိန်နေဦးမည်ဟု ဈေးကွက်လေ့လာစောင့်ကြည့်သူများက ခန့်မှန်းထားကြပါသည်။

တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်သည် ချေးငွေချေးယူသူများအတွက် အတိုးနှုန်း (Borrowing Costs) ကို လက်ရှိသတ်မှတ်ထားသည့် ၃.၅% တွင်သာဆက်လက်ထားရှိရန် ၂၀၂၄ ခုနှစ်၊ ဧပြီ လအတွင်း ကျင်းပသော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပါသည်။ အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ပွဲကျယ်ပြန့်လာခြင်း၊ တင်သွင်းသည့်ကုန်စည်များဈေးနှုန်းနှင့် သင်္ဘောတင်ခနှုန်းထားများ မြင့်မားလာခြင်းနှင့် ဝမ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေကာ ဧပြီလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၁,၄၀၀ ဝမ်အထိ ရောက်ရှိခဲ့ခြင်းတို့ကြောင့် အတိုးနှုန်းကို  ၃.၅% တွင်သာ ဆက်လက်ထားရှိရခြင်းဖြစ်ကြောင်း ဈေးကွက်စောင့်ကြည့်သူများက ဆိုကြပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် ပြည်တွင်းကုန်စည်နှင့် ဝန်ဆောင်မှုတန်ဖိုးများကို မြင့်မားစေသည့်အပြင် နိုင်ငံ၏ပို့ကုန်တင်ပို့မှုကို အားနည်းစေနိုင်ပြီး လက်ရှိ ငွေစာရင်းရှင်းတမ်းတွင် ပိုငွေပြနေမှုအပေါ် ဖိအားဖြစ်စေနိုင်ပါကြောင်း၊ ထိုမှဆစ်ဆင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product- GDP) ကိုလည်း လျော့ကျစေနိုင်ပါကြောင်း၊ ယင်းသို့သော အချက်အလက်များသည် အတိုးနှုန်း လျှော့ချမည့်အစီအစဉ်ကို နှောင့် နှေးစေကာ နိုင်ငံ၏ ငွေကြေးမူဝါဒ ချမှတ်သူများအတွက် စိန်ခေါ်မှုများပင်ဖြစ်ပါကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။

အခြားသောစိန်ခေါ်မှုတစ်ခုမှာ ငွေကြေးဖောင်းပွနှုန်းလျှော့ချရေးဖြစ်ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်းများကိုပါ ထည့်သွင်းတွက်ချက်ထားသည့် စုစု ပေါင်းငွေကြေးဖောင်းပွနှုန်း (Headline Inflation) သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ၃.၁ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း Headline Inflation သည် ပျမ်းမျှအားဖြင့် ၂.၃ ရာခိုင်နှုန်းတွင်သာ ရှိနေခဲ့သည့် အတွက် ဧပြီလအတွင်းကျင်းပခဲ့သည့် တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်၏ မူဝါဒရေးရာအစည်း အဝေးတွင် “၂၀၂၄ ခုနှစ်၊ ဒုတိယ ၆ လတွင် အတိုးနှုန်းလျှော့ချရေးစဉ်းစားနိုင်ဖွယ်ရှိသည်” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong က ပြောကြားခဲ့သော်လည်း ယင်းသို့ပြောကြားပြီးနောက်ပိုင်းမှစ၍ အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား စစ်ရေးတင်းမာမှုများရှိလာခဲ့ပြီး ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းများသည် ၁၉-၄-၂၀၂၄ နေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၀ ကျော်အထိ ရောက်ရှိမြင့်မားခဲ့ပါသည်။ သို့ ဖြစ်၍ Headline Inflation သည် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင်လည်း ထပ်မံမြင့်မားမည့် အလားအလာရှိနေကြောင်း ဈေးကွက်စောင့်ကြည့်သူများက ဆိုကြပါသည်။

အတိုးနှုန်းလျှော့ချရေးတွင် ဝမ်ငွေတန်ဖိုးကျဆင်းနေခြင်းသည် ထည့်သွင်းစဉ်းစားစရာ အချက်တစ်ချက်အဖြစ်ရှိနေသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ တစ်စည်လျှင် အမေရိကန်ဒေါ် လာ ၉၀ အောက်တွင်ရှိနေမည်လား (သို့မဟုတ်) ၉၀ အထက် ဆက်လက်တက်သွားမည်လား ဆိုသည်က အဓိကစိုးရိမ်စရာကိစ္စဖြစ်နေသည်ဟု တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အတိုးနှုန်းလျှော့ချနိုင်သည်ဟု ဈေးကွက်အတွင်း မျှော်မှန်းနေကြသော်လည်း တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee ၏ ဖြေကြားချက်အရ ၂၀၂၄ ခုနှစ်၊ ဩဂုတ် လလောက်တွင်သာ ဖြစ်နိုင်ခြေရှိသည်ဟု Meritz Securities မှ သုတေသီ Yoon Yeo-sam ကပြောကြားခဲ့ပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်လာပါက တောင်ကိုရီးယားဝမ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ၁,၄၀၀ ဝမ်အထိ ကျဆင်းသွားနိုင်ကြောင်း၊ အဆိုပါအချက်သည် တောင်ကိုရီးယားနိုင်ငံ ဗဟို ဘဏ်၏ လက်ရှိငွေစာရင်းရှင်းတမ်းတွင် အနှုတ်လက္ခဏာကိုပြစေမည့် အဓိကအချက်ဖြစ်ပါ ကြောင်း Hi Investment & Securities မှ သုတေသီ Park Sang-hyun ကလည်း ခန့်မှန်းထားပါသည်။

 

 

Source: https://tradingeconomics.com/south-korea/interest-rate

https://www.koreatimes.co.kr/www/biz/2024/04/488_373296.html

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)         

Category: International News