International News

ထိုင်းဆန်ကို နိုင်ငံများစွာနှင့် G2G လက်မှတ်ရေးထိုး တင်ပို့ရောင်းချနိုင်ရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်ဒိုနီးရှားနိုင်ငံနှင့် G2G လက်မှတ်ရေးထိုး၍ ဆန်တိုးမြှင့်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ တရုတ်နိုင်ငံနှင့် လည်းဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ် ဂျပန်-အာဆီယံထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံက ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၁ သန်းကို G2G ညှိနှိုင်းမှုဖြင့် ဝယ်ယူသွားမည့် ရည်ရွယ်ချက်ကို ဖော်ပြခဲ့ပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ ပထမအသုတ် ဆန်တန်ချိန် ၅၅,၀၀၀ ကို ယခုလအတွင်း တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဒုတိယအသုတ်အတွက် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် G2G စာချုပ်အရ တင်ပို့မည့် တန်ချိန် ၂၈၀,၀၀၀ အတွက် တင်ပို့သည့်ကာလတိုးမြှင့်နိုင်ရေးအတွက် ရလဒ်ကို စောင့်ဆိုင်းလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အခြားသောနိုင်ငံများနှင့် G2G ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ဘက်နိုင်ငံများ၏ ဈေးနှုန်းလျှော့ချမှုကို ကာကွယ်ရန် အသေးစိတ်ကို ထုတ်ဖော်မပြောကြားလိုကြောင်း စီးပွား‌ရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားပါသည်။

၂၀၂၃ ခုနှစ်က ထိုင်းဆန်တင်ပို့ခဲ့မှုသည် တန်ချိန် ၈.၇၆ သန်းထိ ရောက်ရှိခဲ့ပြီး ၅ နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်ပါကြောင်း၊ ထိုင်း Hom mali ရနံ့ပါဆန်သည် ပြိုင်ဘက်နိုင်ငံများ၏ ဆန်ဈေးနှုန်းထက် မြင့်မားနေသော်လည်း တန်ချိန် ၁.၃၂ သန်း တင်ပို့နိုင်ခဲ့မှုကြောင့် ပို့ကုန်ပမာဏ ကောင်းမွန်နေဆဲဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ အဓိက ဆန်ဈေးကွက်များမှာ အမေရိကန်၊ တရုတ်၊ ကနေဒါနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း၊ ထိုင်း Hom mali ရနံ့ပါဆန်သည် ၎င်း၏ နူးညံ့သောဆန်သားနှင့် ထူးခြားသော သဘာဝရနံ့တို့ကြောင့် လူသိများပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

တောင်သူ ၄.၇ သန်းက စိုက်ပျိုးထုတ်လုပ်သည့် ထိုင်းနိုင်ငံ၏ အမှတ်အသားဖြစ်သော ဆန် ထုတ်ကုန်များကို အသိအမှတ်ပြုမှုကို မြှင့်တင်နိုင်ရန်၊ ထိုင်းစပယ်ဆန်ထိပ်တန်းအရည်အသွေးကို ထိန်းသိမ်းရန်၊ စိုက်ပျိုးသည့် စံနှုန်းများမြှင့်တင်ရန်နှင့် စဉ်ဆက်မပြတ်သော စိုက်ပျိုးရေးပုံစံများ ဖန်တီးရန် စသည့်ရည်ရွယ်ချက်များဖြင့် “41st edition of the National Hom Mali Rice Competition 2023” ကို ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ဝယ်ယူသူများနှင့် တောင်သူများအကြား အဝယ်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း ဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါ သည်။

ထိုင်းနိုင်ငံ၏ ဆန်ကုန်စည်အတွက် နိုင်ငံအများအပြားနှင့် G2G လက်မှတ်ရေးထိုး၍ ပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News