Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်းက ကွမ်းသီးအနုပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်းက ကွမ်းသီးအနု ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းသီး‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုစံက ပြောပြ၍ သိရသည်။ မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ကွမ်းသီးအနု ပိဿာချိန် ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကွမ်းသီးအနုပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးအနုများ တင်ပို့အားကောင်းလာခြင်းသည် ပြည်ပဈေးကွက်မှ ကွမ်းသီးအနုများ ဝယ်လိုအားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ပြည်ပဈေးကွက်က မှာယူမှုများလာလို့ ရန်ကုန်ကို ကုန်အများအပြားတင်ပို့နေရတာဖြစ်ပါတယ်။ လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ်ကနေ တင်ပို့ရောင်းချနေတဲ့ ကွမ်းသီးအနု ၁၀ ပိဿာကို ငွေကျပ် ၈၅၀၀၀ ထိ ဈေးရှိနေပါတယ်။ ကွမ်းသီးအနုရဲ့ ပြည်ပအဓိကဈေးကွက်က တရုတ်နိုင်ငံ ဈေးကွက်ပါ။ လက်ရှိမှာ ကွမ်းသီးတွေ‌ရောင်းအဝယ်ဖြစ်နေတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုစံက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်ကထွက်ရှိသည့် ကွမ်းသီးအနုများကို ကုန်သည်များက ကွမ်းသီးခြံများထိသွားရောက်ဝယ်ယူကာ စနစ်တကျ‌ရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ                   

Category: Local News