Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပလာတူးပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ပလာတူးပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်တွင် ဖမ်းယူရရှိသည့် ပလာတူးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ဇွန်လအတွင်းက ပလာတူးပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်‌နေ့မှ ၃၁ ရက်နေ့ထိ ပလာတူးပိဿာချိန် ၈၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ပလာတူးများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

“ဇူလိုင်လထဲမှာ ပလာတူးတွေအဝယ်လိုက်လာပါတယ်။ ပြည်တွင်းဈေးကွက်မှာကို အဝယ်လိုက်နေတာ။ အရင်လတွေကထက် ကုန်ချိန်တွေလဲ ပိုမိုတင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ပုစွန်တွေ၊ ကဏန်းတွေအပြင် ပလာတူးငါးတွေကိုလဲ တင်ပို့ရောင်းချနေပါတယ်။ အခုအရောင်းအဝယ်တွေ ပုံမှန်ထက် ပိုမိုသွက်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေအလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပလာတူး ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ ဖျာပုံမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များသည် ပလာတူးအပါအဝင် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်မိုးမြင့်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News