International News

ကုန်ကျစရိတ်များမြင့်တက်နေသော်လည်း ယခုနှစ်အတွင်း မာမားခေါက်ဆွဲခြောက် ရောင်းအားမြင့် တက်လာနိုင်ကြောင်း ဖြန့်ချိသူ Saha Pathanapibul Plc က ယုံကြည်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေး နှောင့်နှေးနေသော်လည်း ထိုင်းအသင့်စားခေါက်ဆွဲဖြစ်သော မာမား ခေါက်ဆွဲခြောက်ဈေးကွက်သည် တိုးတက်မှုရှိနိုင်မည်ဖြစ်ကြောင်း မာမားဈေးကွက်ရှာဖွေရေးနှင့် ဖြန့်ချိသူ Saha Pathanapibul Plc ဥက္ကဋ္ဌ Mr. Vathit Chokwatana က ပြောကြားခဲ့ပါသည်။

ယခုနှစ် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး နှေးကွေးနေမှုနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ယခင်နှစ်များထက် ဆိုးရွားနေပါကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေး စွမ်းဆောင်နိုင်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်ကောင်းမွန်မှုနှင့် ဆက်စပ်နေပါကြောင်း၊ အစိုးရက အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ ကို အောက်တိုဘာ ၁ ရက်နေ့မှစတင်သတ်မှတ်ရန် စီစဉ် လျက်ရှိရာ ကုမ္ပဏီကို ထိခိုက်နိုင်သော်လည်း စီမံနိုင်သည့် အတိုင်းအတာဖြစ်နေသေးပါကြောင်း၊ သို့သော် ယင်းလုပ်ခလစာနှုန်းထားသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိခိုက် နိုင်ပါကြောင်း၊ လုပ်ငန်းများသည် ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် မတတ်နိုင်တော့ပါက ပိတ်သိမ်း နိုင်ပြီး နိုင်ငံ၏ စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း Mr. Vathit သုံးသပ်ထားပါသည်။

မာမားထုတ်ကုန်များသည် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုနှင့် မတည်ငြိမ်သော စားအုန်းဆီဈေးနှုန်းများကြောင့် ထိခိုက်မှုရှိသော်လည်း ဂျုံဈေးနှုန်းကျဆင်းမှုနှင့် ကုမ္ပဏီ၏ ကုန်ကျ စရိတ်များအပေါ် ကြိုတင်ခန့်မှန်းထားမှုများကြောင့် စီမံနိုင်သည့် အခြေအနေဖြစ်နေသေးပါကြောင်း၊ မိမိတို့ထုတ်ကုန်များသည် ဈေးကွက်ကြီးသည့် ထုတ်ကုန်ဖြစ်ပြီး လက်ရှိဈေးနှုန်းကို တတ်နိုင်သမျှ ထိန်းထားမည်ဖြစ်ကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း ပြည်တွင်း အသင့်စားခေါက်ဆွဲဈေးကွက်သည် ၁၀ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ အသင့်စားခေါက်ဆွဲများသည် ဈေးနှုန်းသက်သာကုန် ပစ္စည်း များ ဖြစ်သောကြောင့် ပြည်သူများတွင် ဝင်ငွေကျဆင်းခဲ့ပါက ဝယ်လိုအားမြင့်တက်လာနိုင်ကြောင်း Mr. Vathit က ဖြည့်စွက်ပြောကြားခဲ့သည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News