International News

ထိုင်းနိုင်ငံနှင့် အီတလီနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေးအတွက် နှစ်နိုင်ငံစီးပွားရေးဖိုရမ်ကို ဗန်ကောက်မြို့တွင် ကျင်းပခဲ့

Last Updated:

အီတလီနိုင်ငံ၌ ၉ ကြိမ်ဆက်တိုက် ကျင်းပခဲ့သော အီတလီ-ထိုင်း စီးပွားရေးဖိုရမ်ကို ယခုနှစ်တွင် ဗန်ကောက်မြို့၌ ကျင်းပခဲ့ပြီး ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့နှင့် အီတလီသံရုံးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဖိုရမ်သို့ ထိုင်းကုမ္ပဏီ ၁၆ ခုနှင့် အီတလီကုမ္ပဏီ ၁၃ ခုမှ ခေါင်းဆောင်များပါဝင်တက်ရောက်ခဲ့ ပါကြောင်း၊ ဖိုရမ်သည် နှစ်နိုင်ငံအကြား ၁၅၆ နှစ်ကြာ သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးရန်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅.၀၆ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ယခုနှစ် မေလအတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin ၏ အီတလီခရီးစဉ်တွင် အီတလီဝန်ကြီးချုပ် Mr.Giorgia Meloni နှင့် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ဖိုရမ်သည် နှစ်နိုင်ငံ ပုဂ္ဂလိက ကဏ္ဍမှ ၎င်းတို့၏ လုပ်ငန်းများ ခိုင်မာစေရန်နှင့် နယ်ပယ်များစွာ ရှိ ဦးတည်စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကြီးတန်းအရာရှိများအတွက် ပလက် ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ အီတလီသည် ထိုင်းနိုင်ငံ၏ အဆင့် ၂၄ ရှိ စီးပွားရေးမိတ်ဖက်ဖြစ်ပါ ကြောင်း၊ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် ဖိုရမ် ဖြစ်ပါကြောင်း ဖိုရမ်ပူးတွဲဥက္ကဋ္ဌနှင့် အကြံပေး Ms. Busaba Chirathivat က ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News