International News

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အခွန်ပုံစံအသစ်ကောက်ခံသွားရန် ထိုင်းနိုင်ငံ Joint Standing Committee on Commerce, Industry and Banking (JSCCIB) က အကြံပြု တောင်းဆိုခဲ့

Last Updated:

တရုတ်စက်ရုံထုတ် ပစ္စည်းများ အရှေ့တောင်အာရှသို့ ဝင်‌ရောက်လာခြင်းသည် ဒေသတွင်း၌ ထိုင်းနိုင်ငံ၏ ဈေးကွက်ဝေစုကို လျော့နည်းစေခြင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဖြစ်ပေါ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏ ကုန်သွယ်မှုကို ရိုက်ခတ်မှုဖြစ်ခဲ့ကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်အွန်လိုင်းလက်ကားရောင်းချသူ Temu ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာမှုကြောင့် ပိုမို ဆိုးရွားသော အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်း၊ အစိုးရအနေဖြင့် တင်သွင်းကုန်အချို့အပေါ် အခွန် ပိုမိုကောက်ခံရန် တောင်းဆိုလိုပါကြောင်း၊ တရုတ်ပစ္စည်းများမှ ထိုင်းနိုင်ငံကို ပိုမိုကောင်းမွန်စွာ ကာ ကွယ်ရန် အစီအမံသစ်များ မရှိပါက ကုမ္ပဏီအများစုသည် ပိတ်သိမ်းနိုင်ကြောင်း၊ ဇန်နဝါရီလမှ ဇွန်လ အထိ တရုတ်ပစ္စည်းများ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလီယံရှိခဲ့ပြီး ၇.၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၉.၉ ဘီလီယံဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း အရှေ့တောင်အာရှတွင် ထိုင်းလျှပ်စစ်ပစ္စည်းများ၏ ဈေးကွက် ဝေစုမှာ ၁၁.၅ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံထုတ်မော်တော်ကားများ၏ ဈေးကွက်ဝေစုမှာလည်း ၁၈.၇ ရာခိုင်နှုန်း အသီးသီး လျော့နည်းသွားခဲ့ကြောင်း  ကော်မတီဉက္ကဋ္ဌ ဖြစ်သူ ထိုင်းဘဏ်အသင်း၏ ဥက္ကဋ္ဌ Mr. Payong Srivanich က ပြောကြားခဲ့ပါသည်။

ယင်းအခြေအနေများ၏ အဓိက အကြောင်းအရင်းမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်း ထုတ်လုပ်မှုကဏ္ဍသည် ၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုင်းစက်ရုံ ၂၃ ရုံကို ထိခိုက်ခဲ့ပြီး တန်ဖိုး နည်းပစ္စည်းများကို စက်ရုံမှတိုက်ရိုက် စားသုံးသူထံ ရောင်းချပေးသည့် Temu ဝင်ရောက်လာခြင်း ကြောင့် ဖိအားပိုမိုဖြစ်စေခဲ့ကြောင်း၊ ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် အကျဘက်သို့ သက်ရောက်စေပါကြောင်း Mr. Payong က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း စက်ရုံ ၆၆၇ ရုံ ပိတ်သိမ်းခဲ့ပြီး ၈၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါ ကြောင်း၊ ပျမ်းမျှအားဖြင့် ၁ လလျှင် စက်ရုံ ၁၁၁ ရုံ ပိတ်သိမ်းသည့် သဘောဖြစ်နေပါကြောင်း၊ အာဆီ ယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအရ ပြည်တွင်း ထုတ်လုပ်သူများကို ပိုမိုကာကွယ်ရန် ကုန်ပစ္စည်းအချို့အပေါ် အခွန်ကောက်ခံခြင်းကို အစိုးရ အနေဖြင့် စဉ်းစားသင့်ပါကြောင်း၊ တရုတ်သွင်းကုန်ပစ္စည်းများအပေါ် အစိုးရ၏ လက်ရှိ ဆောင်ရွက်မှု နှေးကွေး နေခြင်းသည် ပြည်တွင်း လုပ်ငန်းများကို လုံလုံလောက်လောက် အကာအကွယ်မပေးနိုင်မည်ကို စိုးရိမ် လျက်ရှိကြောင်း ထိုင်းစက်မှုအသင်းချုပ်၏ ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ဖြည့်စွက် အကြံပြု ထားပါသည်။

တရုတ်နိုင်ငံစက်ရုံများမှ ထုတ်လုပ်သည့် ပစ္စည်းများကို သုံးစွဲသူများထံ ဈေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက် ရောင်းချပေးသည့် Temu အွန်လိုင်းလက်လီရောင်းချသည့် ပလက်ဖောင်းတစ်ခု ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမှုကြောင့် ထိုင်းပြည်တွင်းစက်ရုံများအပေါ် သက်ရောက်မှုကြီးမားလာနိုင် သဖြင့် ထိုင်းနိုင်ငံအစိုးရက ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်ပေးနိုင်ရေး ပုဂ္ဂလိကကဏ္ဍမှ အကြံပြုတောင်းဆိုလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News