International News

ထိုင်းနိုင်ငံ၏ Soft Power ကို မြှင့်တင်နိုင်ရေးအတွက် အနုပညာနှင့် လက်မှုပညာများကို စီးပွားရေးအရ အကျုံးဝင်စေနိုင်ရေး ဖန်တီးသွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက လမ်းညွှန်မှာ ကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ အနုပညာနှင့် လက်မှုပညာများကို နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ် ပြုလာပြီဖြစ်၍ ယင်းတို့ကို စီးပွားရေးအရ အကျုံးဝင်စေရေးအတွက် မြှင့်တင်ဆောင်ရွက်သွားရန် ထိုင်း နိုင်ငံ၏ စဉ်ဆက်မပြတ်သောအနုပညာနှင့် လက်မှုပညာအင်စတီကျု (Sustainable Arts and Crafts Institute of Thailand- SACIT) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

အင်စတီကျုက ဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ လူသိများသော လက်မှုပညာဖန်တီးရှင်များနှင့် ၎င်းတို့၏ အဝန်းအဝိုင်းကို မြှင့်တင်လိုကြောင်း၊ SACIT သည် ထိုင်းအနုပညာနှင့် လက်မှုပညာများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ထောက်ကူပေးရန်၊ Soft power ကို တွန်းပို့ပေးနိုင်မည့် အရည် အသွေးမီထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် လက်မှုပညာဖန်တီးသူများ၏ ဖန်တီးနိုင်မှု စွမ်းရည်ကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ပေးသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြီးကြပ်လျက်ရှိသည့် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် လက်မှု ပညာရှင် အမျိုးသား၊ အမျိုးသမီးတို့၏ ဝင်ငွေကို မြင့်တက်စေပြီး စီးပွားရေးကို တွန်းအားပေးရာရောက်ပါကြောင်း အင်စတီကျုက ဖော်ပြထားပါသည်။

အင်စတီကျုအနေဖြင့် ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် အထောက်အထားကို ပြသနိုင် မည့် လက်မှုပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖန်တီးနိုင်သော မျိုးဆက်သစ်ဖန်တီးသူများကို မွေးထုတ်ပေးသင့်ကြောင်း၊ အစိုးရအနေဖြင့် ထိုင်းအနုပညာနှင့် လက်မှုပညာများကို မြှင့်တင်ခြင်းဖြင့် Soft Power ကို ဦးစားပေးလျက်ရှိပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

အင်စတီကျုသည် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်သော ထိုင်းအနုပညာနှင့် လက်မှုပညာများ အတွက် လေ့လာရေးစင်တာတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ လက်မှုပညာ ထုတ်ကုန်များမှ ပို့ကုန် ဘတ် ၃၄၀ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ပို့ကုန်တန်ဖိုးအများဆုံး ထုတ်ကုန် ၅ မျိုးမှာ ရွှေအဆင်တန်ဆာ၊ ငွေထည်၊ ပရိဘောဂပစ္စည်းများ၊ ခရီးသွားပစ္စည်းများနှင့် ချည်ထည်များဖြစ် ကြောင်း၊ အမေရိကန် (ဘတ် ၉၄ ဘီလီယံ) သည် ထိုင်းလက်မှုထုတ်ကုန်များ၏ အကြီးဆုံးပို့ကုန် ဈေးကွက် ဖြစ်ပြီး ယင်းနောက် ဟောင်ကောင် (ဘတ် ၂၇ ဘီလီယံ)၊ ဂျပန် (ဘတ် ၂၁ ဘီလီယံ)၊ ဂျာမနီ (ဘတ် ၂၀ ဘီလီယံ) နှင့် ယူကေ (ဘတ် ၁၆ ဘီလီယံ) တို့ဖြစ်ကြောင်း အင်စတီကျု၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News