International News

အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက်သည် နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားများနှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု US-India Strategic Partnership Forum တွင်ပြောကြား

Last Updated:

အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့ဖိုရမ်(USISPF)သည် အမေရိကန်နှင့် အိန္ဒိယအကြား ကုန်သွယ်ရေးသဘောတူညီချက်ကြေညာချက်ကို ကြိုဆိုလိုက်ပြီး ယင်းသဘောတူညီချက်သည် နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားများနှင့် စားသုံးသူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးအပ်လိမ့်မည်ဟု ထုတ်ပြန်ခဲ့သည်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် တရားဝင်ထုတ်ပြန်ချက်တွင် USISPF က ပြောကြားရာ၌ သမ္မတဒေါ်နယ်ဂျေထရန့်နှင့်ဝန်ကြီးချုပ်နာရင်ဒရာမိုဒီတို့၏ ဆွေးနွေးမှုအပြီး ထွက်ပေါ်လာသောကြေညာချက်ကိုစိတ်အားထက်သန်စွာကြိုဆိုကြောင်း၊ ယင်းမှာ အမေရိကန်-အိန္ဒိယစီးပွားရေးမိတ်ဖက်ဆက်ဆံရေးကိုပိုမိုနက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကို မြှင့်တင်ရန် ၎င်းတို့၏ တူညီသော ကတိ ကဝတ်ကို ပြန်လည်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

"အိန္ဒိယအပေါ် အပြန်အလှန်ကောက်ခံခွန်ကို ၂၅ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းကို လျှော့ချလိုက်ခြင်းသည် အရေးကြီးပြီး အပြုသဘောဆောင်သည့် ပထမဆုံးခြေလှမ်းတစ်ခုဖြစ်ပါကြောင်း၊ သဘောတူညီချက်၏ အသေးစိတ်အချက်အလက်များအား ဆိုင်းငံ့ထားဆဲဖြစ်သော်လည်း  ယနေ့ကြေညာချက်သည် ကဏ္ဍအသီးသီးတွင်ရှိသည့် အခွန်နှုန်းထားများ၊ ဈေးကွက်ဝင်ရောက်ခွင့်၊ အခွန်မဟုတ်သည့် ကုန်သွယ်ရေးအတားအဆီးများနှင့် တခြားကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးမည့် အမေရိကန်-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်(BTA)ဆီသို့ဦးတည်ရန် နှစ်ဖက်စလုံး၏ခိုင်မာသောနိုင်ငံရေးဆန္ဒကို ပြသလိုက်ခြင်းဖြစ်ပါကြောင်း"ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

ထုတ်ပြန်ချက်အရ အဆိုပြုထားသည့် BTA သည် ကဏ္ဍအသီးသီးရှိ အခွန်နှုန်းထားများ၊ ဈေးကွက်ဝင်ရောက်ခွင့်၊ အခွန်မဟုတ်သော အတားအဆီးများနှင့် အခြားကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကဲ့သို့သော အဓိကနယ်ပယ်များကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားကြောင်း တွေ့ရှိရသည်။

ထိုကဲ့သို့သောသဘောတူညီချက်သည် ထောက်ပံ့ရေးကွင်းဆက်များကို ခိုင်မာစေရန်နှင့် နှစ်နိုင်ငံလုံး၏ စီးပွားရေးခံနိုင်ရည်အားကို မြှင့်တင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု အဆိုပါဖိုရမ်က မှတ်ချက်ပြုခဲ့သည်။

ယခုကြေညာချက်သည် အစပျိုးမှုသာဖြစ်ပြီး လာမည့်လများအတွင်း နောက်ထပ်အဆင့်များနှင့်ညှိနှိုင်းမှုများကို မျှော်လင့်ထားသည်ဟု အစိုးရနှစ်ရပ်လုံးက ရှင်းလင်းစွာပြောကြားထားကြောင်း USISPF က ထပ်လောင်းပြောကြားခဲ့သည်။

ယခုကြေညာချက်ကြောင့် ထွက်ပေါ်လာသော အပြုသဘောဆောင်သည့် အရှိန် အဟုန်အပေါ် အားတက်မိကြောင်းနှင့် အဆိုပြုထားသည့် သဘောတူညီချက်၏ အတိုင်းအတာနှင့် ရည်မှန်းချက်အပေါ် အကောင်းမြင်ကြောင်း ဖိုရမ်က ဆိုသည်။

USISPF အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရောက်ရှိစေရန်ဟူသော ဘုံရည်မှန်းချက်ကို မြှင့်တင်နိုင်ရန် အိန္ဒိယအစိုးရနှင့်  အမေရိကန်အစိုးရနှင့်ပါ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။

ထို့အပြင် ခိုင်မာသော အမေရိကန်-အိန္ဒိယကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေးသည် စီးပွားရေးနှစ်ခုလုံးအတွက် အရေးပါရုံသာမက တည်ငြိမ်၊ ခံနိုင်ရည်ရှိပြီး စည်းမျဉ်းအခြေခံသည့် အင်ဒို-ပစိဖိတ်ဒေသကိုမြှင့်တင်ရန်အတွက်လည်း ဗဟိုချက်မဖြစ်ကြောင်း ဖိုရမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဝန်ကြီးချုပ် မိုဒီတို့၏ကြေညာချက်အပြီးတွင် အိန္ဒိယအပေါ် အမေရိကန်၏ အပြန်အလှန်ကောက်ခံခွန်ကို ၂၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့လျှော့ချခဲ့ပြီး အိန္ဒိယ၏ ရုရှားရေနံဝယ်ယူမှုနှင့်ဆက်စပ်နေသော အပိုဆောင်း ၂၅ ရာခိုင်နှုန်းဒဏ်ကြေးခွန်ကိုလည်း ဖယ်ရှားပေးခဲ့သည်။

Source: US-India trade deal to benefit businesses workers, consumers of both countries: US-India Strategic Partnership Forum, The Economic Times, February 3, 2026.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News