ထိုင်းနိုင်ငံ၊ မူပိုင်ခွင့်ဦးစီးဌာနက နိုင်ငံ၏ထိပ်တန်းတန်ဖိုးမြင့်ပထဝီအမှတ်အသား(GI)သရက်သီး (၅)မျိုးအား ထုတ်ဖော်ပြသခဲ့ပြီး ၎င်းတို့၏ ပြည်တွင်းနှင့်ပို့ကုန်ဈေးကွက်များတွင် ပါဝင်မှုကဏ္ဍကြီးထွားလာလျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က ပြော ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် GI မှတ်ပုံတင်ထားသော သရက်သီးအမျိုးအစား ၁၃ မျိုး ရှိပြီး ပြည်နယ် ၉ ခုမှဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဈေးကွက်တန်ဖိုး ဘတ် ၁.၀၄ ဘီလီယံကျော်ရရှိခဲ့ကြောင်း၊ Golden Nam Dok Mai Phitsanulok သည် စျေးကွက်တန်ဖိုး ဘတ် ၇၆၇.၁၈ သန်းဖြင့် ပထမနေရာတွင် ရပ်တည်နေပြီး ထုတ်လုပ်မှုတန်ချိန် ၈,၇၀၀ ကျော်ဖြင့် ဦးဆောင်နေပါကြောင်း၊ Noen Maprang၊ Wang Thong နှင့် Wat Bot အပါအဝင် ခရိုင်များတွင် စိုက်ပျိုးကြပြီး ယင်းမျိုးစိတ်များသည် ရေစိမ့်ဝင်သော သဲနွံနှင့် ဂဝံမြေများမှ အကျိုးကျေးဇူးများရရှိကာ ကျစ်လျစ်ပြီး အမျှင်ဓာတ်ကင်းစင်သော အသားများကို အချိုဓာတ်မြင့်မားစွာ ထုတ်ပေးပါကြောင်း၊ အဓိကပို့ကုန်ဈေးကွက်များမှာ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်နှင့် သြစတြေးလျတို့ဖြစ်ကြောင်း၊ Nam Dok Mai Sa Kaeo သည် စျေးကွက်တန်ဖိုး ဘတ် ၁၇၁.၁၅ သန်းဖြင့် ဂျပန်၊ ဟောင်ကောင်နှင့် တောင် ကိုရီးယားတို့သို့ တင်ပို့ကြောင်း သိရှိရပါသည်။
Chaiyaphum မှ Golden Nam Dok Mai Ban Lohn သည် ဘတ် ၃၃.၃၁သန်းဖြင့် တတိယနေရာတွင်ရပ်တည်နေပြီး မြင့်မားသောမြေပြင် တွင် ကြီးကြီးမားမားအသီးအနှံများထူထပ်ပြီး ချိုမြိန်သော အသီးများထွက်ရှိပါကြောင်း၊ Chachoengsao မှ Khai Tuek Padriew သည် ဘတ် ၁၀.၄၃ သန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေပြီး Bang Pakong မြစ်ဝှမ်း၏ ဂေဟစနစ်မှ ပုံဖော်ထားသော ၎င်း၏ ကြွပ်ဆတ်သော အရသာနှင့် မျှတချိုမြိန်သော ဌာပနာအရသာကြောင့် လူသိများပါကြောင်း၊ Chachoengsao မှ Golden Nam Dok Mai Bang Khla သည် စျေးကွက်တန်ဖိုး ဘတ် ၇.၂ သန်းကျော်ဖြင့် အဆင့် ၅ နေရာတွင် တည်ရှိပြီး ၎င်း၏မွှေးရနံ့နှင့် ရွှေရောင်အသားအရည်ကြောင့် အသိ အမှတ်ပြုခံရကြောင်း၊ အဓိကလက်လီရောင်းချသူများ၊ ပြည်တွင်းကုန်သွယ်မှုပွဲများနှင့် Thaifex-Anuga Asia ကဲ့သို့သောနိုင်ငံတကာပြပွဲများမှတစ်ဆင့် ဖြန့်ဖြူးမှုကို တိုးချဲ့နေပါကြောင်း၊ ဒေသတစ်ခုချင်းစီ၏ ထူးခြားသော စိုက်ပျိုးမှုအခြေအနေများနှင့် ချိတ်ဆက်ထားသော စစ်မှန်မှုနှင့် အရည်အသွေးကို သေချာစေရန် ထုပ်ပိုးမှုဆိုင်ရာတွင် ထိုင်း GI လက်မှတ်အမှတ်တံဆိပ်ကို စားသုံးသူများအား ရှာဖွေဝယ်ယူရန် Auramon က အကြံပြုထားပါသည်။
Source: https://www.nationthailand.com/news/general/40063016
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)