International News

အိန္ဒိယနိုင်ငံတွင် ကုလားပဲသွင်းကုန်ခွန် ၆၆ ရာခိုင်နှုန်းကိုဖယ်ရှားခဲ့ပြီး စားတော်ပဲအား အကောက်ခွန်လွတ်တင်သွင်းမှုကို အချိန်တိုးမြှင့်သတ်မှတ်

Last Updated:

အိန္ဒိယနိုင်ငံတွင် အစိုးရသည် ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်လာမှုကို လျှော့ချနိုင်ရန် ကုလားပဲ(Chana)အပေါ် စည်းကြပ်ကောက်ခံသော သွင်းကုန်ခွန် ၆၆ ရာခိုင်နှုန်းအား ဖယ်ရှားခဲ့ကြောင်းနှင့် စားတော်ပဲ(yellow peas)အား အကောက်ခွန်လွတ်တင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၄ ရက်နေ့က ဖော်ပြသည်။ လတ်တလောတွင် စားတော်ပဲဈေးနှုန်းသည် တစ်ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(Minimum support price-MSP)ရူပီး ၅၄၄၀ ထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းကျော်လွန်နေသည့်အတွက်ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ယခုနှစ်ကုလားပဲစိုက်ဧကသည် တန်ချိန် ၁၂၁ ဒသမ ၆၁ သိန်းရှိမည်ဟု ခန့်မှန်းထားပြီး၊ ယခင်နှစ်က တန်ချိန် ၁၂၂ ဒသမ ၆၇ သိန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းတွင် ပဲဝယ်လိုအားမြင့်တက်လာမှုကြောင့် ဈေးနှုန်းများမြင့်တက်လာသည့် အတွက် အစိုးရအနေဖြင့် ဗဟိုသိုလှောင်ရုံအတွက် လိုအပ်သောပဲများကို ဝယ်ယူဖြည့်တင်းရန် ခက်ခဲလာခဲ့သည်။

ယခုနှစ် ပဲရာသီအတွင်း ကုလားပဲ ၇၆၅ တန်သာ ဝယ်ယူခဲ့ကြောင်း အစိုးရအချက်အလက်များအရ သိရသည်။ အစိုးရမှ ယခုကဲ့သို့ သွင်းကုန်ခွန်ဖယ်ရှားသတ်မှတ်ခဲ့သည့်အတွက် စားသုံးသူများအတွက် အကျိုးကျေးဇူးရှိမည်မှန်သော်လည်း တောင်သူများအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အထူးသဖြင့် ဩစတေးလျနိုင်ငံမှ တင်သွင်းသော ကုလားပဲများက ဈေးနှုန်းချိုသာသည့်အတွက် တောင်သူများအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချရန် ခက်ခဲနိုင်စေသည့်အတွက်ဖြစ်သည်။ ဩစတေးလျနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နှစ်စဉ် ကုလားပဲတန်ချိန် ၁ ဒသမ ၅ သိန်းမှ ၂ သိန်းအထိ တင်သွင်းလျက်ရှိကြောင်း သိရသည်။

မတ်ပဲ၊ ပဲတီစိမ်းနှင့် ကုလားပဲအထွက်နှုန်းများကျဆင်းကာ ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းလာနေသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် အစိုးရမှ ယခုကဲသို့ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံထုတ်လုပ်မှုသည် တန်ချိန် ၂၃၄ ဒသမ ၄၂ သိန်းရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပြီး ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၂၆၀ ဒသမ ၅၈ သိန်းရှိခဲ့သည့်အတွက် ကျဆင်းလာကြောင်း သိရ သည်။

ရည်ညွှန်း။          The Hindu Businessline, India removes duty on chana, extends import window for yellow peas again to boost pulses’ supply, May 4, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News