International News

အိန္ဒိယနိုင်ငံတွင် ထောပတ်သီးစားသုံးမှုမြင့်တက်လာလျက်ရှိကာ နှစ်စဉ် ပြည်ပမှ တင်သွင်းမှု နှစ်ဆတိုးမြင့်လာ

Last Updated:

အိန္ဒိယနိုင်ငံတွင် ထောပတ်သီးစားသုံးမှုတိုးမြင့်လာလျက်ရှိကာ ၂၀၂၁ ခုနှစ်မှစ၍ နှစ်စဉ် ပြည်ပမှ တင်သွင်းမှု နှစ်ဆတိုးမြင့်လာခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ဧပြီလ ၃၀ ရက်နေ့က ဖော်ပြသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ထောပတ်သီး ၁၀၀၀ တန်၊ ၂၀၂၂ ခုနှစ်က ၂၀၀၀ တန်၊ ၂၀၂၃ ခုနှစ်တွင် ၄၀၀၀ တန်အထိတင်သွင်းခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ၈၀၀၀ တန်အထိတင် နှစ်ဆတိုးမြင့် တင်သွင်းဖွယ်ရှိကြောင်း တောင်အာဖရိကအခြေစိုက် Westfalia Fruit ကုမ္ပဏီက ပြောကြားခဲ့သည်။

နှစ်စဉ် ကမ္ဘာ့ထောပတ်သီးရောင်းချမှုမှာ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည့် အချိန်တွင် အိန္ဒိယနိုင်ငံ၌ ၁၀၀ ရာခိုင်နှုန်းတိုးတက်လာနေကြောင်းနှင့် အိန္ဒိယနိုင်ငံသို့ ထောပတ်သီးတင်သွင်းမှုစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ကို Westfalia Fruit ကုမ္ပဏီမှ တင်သွင်း ခဲ့ကြောင်း သိရသည်။

အစပထမပိုင်းတွင် ထောပတ်သီးကို ပီရူးနိုင်ငံ၊ ချီလီနိုင်ငံ၊ နယူးဇီလန်ကဲ့သို့နိုင်ငံများမှ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သည့်အတွက် စရိတ်စကကြီးမြင့်ပြီး၊ ထောပတ်သီးဈေးနှုန်းများလည်း မြင့်တက်ခဲ့ကြောင်း၊ ယခုအခါ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြောင်းလဲပို့ဆောင်နေကြပြီး၊ အိန္ဒိယစားသုံးသူများအနေဖြင့် ကင်ညာ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် ဩစတေးလျနိုင်ငံတို့မှတင်ပို့သော ထောပတ်သီးများကို သင့်တင့်မျှတသော လက်လီဈေးနှုန်းဖြင့် ဝယ်ယူရရှိစေကြောင်း သိရသည်။

ထောပတ်သီးစားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသကဲ့သို့ စားသောက်ဖွယ်ရာမျိုးစုံတွင် ပေါင်းစပ်ပြင်ဆင်ထည့်သွင်း၍ စားသောက်နိုင်သည့်အတွက် လူကြိုက်များလာခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့ထောပတ်သီးအဖွဲ့(World Avocado Organisation)က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ထောပတ်သီးကို ရေခဲမုန့်၊ ဖျော်ရည်နှင့် လူကြိုက်များသော ရိုးရာအစားအစာများတွင် စတင်ထည့်သွင်းအသုံးပြုလာကြကြောင်း သိရသည်။

ယခုအခါ အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်ကဲ့သို့ ပြည်နယ်များတွင် ထောပတ်သီးကို စတင်စိုက်ပျိုးလာကြပြီး၊ ပြည်တွင်းဝယ်လိုအားကို ထောက်ပံ့နိုင်ရန် ကြိုးပမ်းလာကြကြောင်း သိရသည်။

ဩစတေးလျနိုင်ငံသည် တိုးတက်လာသော အိန္ဒိယထောပတ်သီးဈေးကွက်သို့ ဝင်ရောက်နိုင်ရန် လွန်ခဲ့သောသုံးလခန့်က စတင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး၊ ခိုင်မာသောဝယ်လိုအားနှင့် ဈေးကွက်အခြေအနေကို တွေ့ရှိခဲ့ကြောင်း Australia avocado ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် John Tassie က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ကြောင်း Money Control သတင်းဌာနက မတ်လ ၂၂ ရက်နေ့က ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်က အိန္ဒိယ ထောပတ်သီးဈေးကွက်အရွယ်အစားမှာ ကန်ဒေါ်လာ ၂၁၀၀၀ ခန့်သာရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းအထိ ကြီးထွားလာခဲ့ကြောင်း၊ ထို့ကြောင့် ဩစတေးလျနိုင်ငံအနေဖြင့် အိန္ဒိယနှင့် တရုတ်ပြည့်သူ့သမ္မတနိုင်ငံကဲ့သို့ အာရှပစိဖိတ်ဈေးကွက်များသို့ တိုးချဲ့တင်ပို့ရန်ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းတို့နိုင်ငံအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း ထောက်ပတ်သီး ၁၇၀၀၀၀ တန်ခန့်ထုတ်လုပ်သွားနိုင်ရန် ခန့်မှန်းထားကြောင်း၊ အဆိုပါထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချသွားရန်ရည်ရွယ်ထားကြောင်း သိရသည်။ သို့သော် မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုနှင့် ကိုလံဘီယာနိုင်ငံတို့မှ အရည်အသွေးနိမ့်ပြီး ဈေးသက်သာသောထောပတ်သီးများနှင့် ဈေးကွက်ယှဉ်ပြိုင်ရဖွယ်ရှိကြောင်းနှင့် ဩစတေးလျနိုင်ငံအနေဖြင့် အရည်အသွေးမြင့်မားသော ထောပတ်သီးကို တစ်နှစ်ပတ်လုံးရရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရည်ညွှန်း။          The Hindu Businessline, Avocado traders bets big on rising consumption in India, April 30, 2024

                       Money Control, India consumes 4000 tons of Avocado’s per year, Reasons behind the rising demand, March 22, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News