ထိုင်းနိုင်ငံ၌ ဆန်စပါးဈေးနှုန်းဆက်လက်ကျဆင်းနေသောကြောင့် တောင်သူများအနေဖြင့် ၎င်းတို့၏ဝင်ငွေကို ပြန်လည်ဖြည့်တင်းနိုင်ရန် ငှက်ပျောစိုက်ပျိုးနိုင်ရေး အစိုးရအနေဖြင့် တိုက်တွန်းသွားရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။
ပြည်သူ့ပါတီမှ Mr. Narongdesch Ularnkul က အစိုးရအနေဖြင့် ဈေးကွက်အတွင်း ဆန်စပါးဈေးနှုန်းကို မြှင့်တင်မည့်အစီအမံနှင့်စပ်လျဉ်း၍ မေးမြန်းသည့်အပေါ် ဝန်ကြီးက ပိုလျှံမှုဖြစ်ပေါ်နေသဖြင့် ဈေးနှုန်းသည် အကျဖက်သို့ သွားနေပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် တောင်သူများအတွက် အလွယ်တကူစိုက်ပျိုးနိုင်ပြီး အမြတ်ရရှိနိုင်သည့် အခြားသောတန်ဖိုးရှိသီးနှံကိုစိုက်ပျိုးရန် ရှာဖွေပေးလျက်ရှိကြောင်း၊ ယင်းသို့ရှာဖွေရာတွင် အထွက်နှုန်းကောင်းပြီး ၁ နှစ်လျှင် တန်ချိန် ၁ သန်းခန့် ဝယ်လိုအားရှိသော ဂျပန်အပါအဝင် နိုင်ငံခြားဈေးကွက်၌ ဝယ်လိုအားမြင့်မားသည့် ငှက်ပျောကို စဉ်းစားနိုင်ကြောင်း၊လက်ရှိတွင် ထိုင်းနိုင်ငံသည် ၁ နှစ်လျှင် ငှက်ပျော တန်ချိန် ၈,၀၀၀ ခန့်ထုတ်နိုင်ပြီး တန်ချိန် ၂,၀၀၀ ခန့်ကို တင်ပို့လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
တောင်သူများကို ငှက်ပျောစိုက်ပျိုးရန်မတိုက်တွန်းမီ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် ဦးစွာတိုင်ပင်ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံအဆင့် ဆန်စပါးမူဝါဒနှင့်စီမံခန့်ခွဲမှုကော်မတီကို အစဉ်အလာအရ ဝန်ကြီးချုပ်များကို ဦးဆောင်သော်လည်း ယခုအခါ ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira ကို ဦးဆောင်စေပါကြောင်း Mr. Narongdesch က အကြံပြုသုံးသပ်ထားသည်။
အစိုးရသည် အာဖရိကနှင့် တရုတ်စသည့်နိုင်ငံများစွာနှင့် ဆန်ရောင်းချရေးစာချုပ်များမှတစ်ဆင့် ဆန်လက်ကျန်များကို ရောင်းချမည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းမြင့်တက်စေရန် မည်သို့ဆောင်ရွက်သည်ကို အိန္ဒိယနှင့် ဗီယက်နမ်တို့နှင့် ဆွေးနွေးနိုင်ရေး ရှာဖွေနေပါကြောင်း၊ တောင်သူများကို ရာသီလွန်ဆန်စပါးအတွက် ၁ တန်လျှင် ဘတ် ၁၀၀၀ ထောက်ပံ့မည့် အဆိုပြုလွှာကို မူကြမ်းပြုစုလျက်ရှိပါကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)