International News

ငှက်ပျောသည် စပါးအစားထိုးသီးနှံမဟုတ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြန်လည်ရှင်းလင်းပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က တောင်သူများကို ငှက်ပျောစိုက်ပျိုးရန် တိုက်တွန်းခဲ့သည့် ၎င်း၏မှတ်ချက်များအပေါ် အစိုးရ၌ စပါးစိုက်ပျိုးမှုအပေါ် အခြားသောသီးနှံများနှင့်အစားထိုးရန် မူဝါဒမရှိကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဝန်ကြီးက ၎င်း၏အကြံပြုချက်များသည် စပါးစိုက်တောင်သူများကို ငှက်ပျောပြောင်းလဲစိုက်ပျိုးရန် တိုက်တွန်းခဲ့ခြင်းမဟုတ်ဘဲ တောင်သူများ ဝင်ငွေတိုးမြှင့်ရန်အတွက် တန်ဖိုးမြင့်မားသောသီးနှံများ စိုက်ပျိုးနိုင်ကြောင်း ဥပမာအနေဖြင့် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ စပါးသည် နိုင်ငံ၏ အဓိကသီးနှံဖြစ်ပြီး အစိုးရအနေဖြင့်လည်း တောင်သူများအတွက် တည်ငြိမ်သောဝင်ငွေတစ်ခုရရှိရန်ဖြစ်နိုင်သည့် ကိစ္စရပ်တိုင်းကို ဆောင်ရွက်သွားရန်ကတိပြုထားပါကြောင်း၊ ဝန်ကြီးဌာန၏သရုပ်ပြလယ်ယာများသည် နိုင်ငံခြားတွင် ဈေးကွက်အခွင့်အလမ်းများအတွက် ပြသမှုဖြစ်ကြောင်း၊ကမ္ဘာ့ ဆန်စပါးအများဆုံးထုတ်လုပ်သူ အိန္ဒိယ၏ တင်ပို့မှုပြန်လည်စတင်သည့်အချိန်မှစ၍ ဈေးနှုန်းကျဆင်းခဲ့ပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြား ခဲ့သည်။

စပါးမှ ငှက်ပျောသို့ ပြောင်းလဲစိုက်ပျိုးရန်မဟုတ်ဘဲ တောင်သူများအနေဖြင့် ဝင်ငွေကို ဖြည့်စွက်နိုင်သည့်ငှက်ပျောကို စိုက်ပျိုးနိုင်ပါက ယင်းကိုဆောင်ရွက်ရန် အားပေးလိုကြောင်း၊ အလားအလာရှိသည့်သီးနှံဖြစ်ကြောင်း ဥပမာပြခဲ့ခြင်းဖြစ်ကြောင်း၊ အရေးတကြီးအစီအမံများအဖြစ် နိုင်ငံအဆင့် ဆန်စပါးမူဝါဒကော်မတီက ရာသီပြင်ပစပါးများအတွက် ၁ တန်လျှင် ဘတ် ၁,၀၀၀ ထပ်ဆောင်းပေးရန် အဆိုပြုခဲ့ပါကြောင်း၊ ကာလလတ်နှင့်ကာလရှည်ဆောင်ရွက်မှုများအနေဖြင့် အစိုးရသည် တောင်သူများ ဝင်ငွေပိုမိုရရှိစေရန် ထုတ်လုပ်မှုမြှင့်တင်စေပြီး ပို့ကုန်ဈေးကွက်များတိုးချဲ့နိုင်ရေး အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်သည် ၁ ရိုင်လျှင် ၁.၃ တန်မှ ၁.၅ တန်ကြား ထုတ်လုပ်နိုင်ပြီး ထိုင်းနိုင်ငံသည် ၁ ရိုင်လျှင် ၆၀၀ ကီလိုဂရမ်မှ ၈၀၀ ကီလိုဂရမ်ကြားသာ ထုတ်လုပ်နိုင်ကြောင်း ဝန်ကြီးက မှတ်ချက်ပြုပြောကြားခဲ့သည်။

စပါးဈေးနှုန်းများကျဆင်းမှုကို ဖြေရှင်းရန် အစိုးရ၏အစီအစဉ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ပါတီ၏ မေးမြန်းချက်အပေါ် ဝန်ကြီးက အကြံပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ ငှက်ပျောကို ပြောင်းလဲစိုက်ပျိုးပါက မှန်ကန်သောနည်းလမ်းဖြစ်/မဖြစ်ကို အစိုးရကို ဝေဖန်သူများက မေးခွန်းထုတ်ခဲ့ကြပါကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် အပြောင်းအလဲဖြစ်နေသော်လည်း ပြည်တွင်းဈေးနှုန်းသည် မည်သည့်အခါမျှ မကျဆင်းခဲ့ပါကြောင်း၊ စပါးဈေးနှုန်းသည် ကျဆင်းနေသော်လည်း စားသုံးသူများက ဈေးကြီးပေးဝယ်နေရခြင်းမှာ ကုန်သည်များက တောင်သူများ၏ ကုန်ကျစရိတ်ဖြင့် အကျိုးအမြတ်ဖြစ်ထွန်းနေသည်ကို ညွှန်ပြလျက်ရှိကြောင်း၊ စပါးဈေးနှုန်းသည် တောင်သူများအတွက် မျှတသောဈေးနှုန်းဖြစ်စေရေး ထိန်းချုပ်ရန် အစိုးရကို တောင်းဆိုလိုကြောင်း၊ တောင်သူများသည် ငှက်ပျောသို့ ပြောင်းလဲစိုက်ပျိုးခြင်းမပြုဘဲ စပါး ၁ တန်လျှင် ဘတ် ၁၀,၀၀၀ ဖြင့် ရောင်းချခြင်း သို့မဟုတ် အခွန်ပေးဆောင်သူဘဏ္ဍာငွေဖြင့် ဈေးနှုန်းထောက်ပံ့မှုအစီအစဉ်အပေါ် မှီတည်နိုင်ကြောင်း Thai Pakdee Party ဥက္ကဋ္ဌ Dr Wa-rong Detkivikrom က ဝေဖန်ခဲ့ပါသည်။

နိုင်ငံ၏အဓိကစီးပွားရေးသီးနှံသည် စပါးဖြစ်ပြီး စပါးမှ ငှက်ပျောသို့ ပြောင်းလဲစိုက်ပျိုးခြင်းသည် ရေရှည်ဖြစ်သော ဖြေရှင်းချက်မဟုတ်ပါကြောင်း၊ ငှက်ပျောစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်မြင့်မားပြီး ရောဂါကြောင့် ဆုံးရှုံးမှုများနှင့် အခြားသော ထုတ်လုပ်မှုကုန်ကျစရိတ်နည်းသော နိုင်ငံများနှင့် ယှဉ်ပြိုင်မှုများရှိနိုင်ကြောင်း Thai Sang Thai Party က ထောက်ပြခဲ့ပါသည်။

Source: www.bangkokpost.com  

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News