အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မော်တော်ယာဉ်သွင်းကုန်များအပေါ် အခွန်ကောက်ခံမည့်အစီအစဉ်အတိုင်း ဆက်လက်သွားမည်ဆိုပါက ကျဆင်းနေသောထိုင်းနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍတွင် ဆိုးဆိုးရွားရွားဖြစ်သွားနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က သုံးသပ်ပြောကြားခဲ့ပါသည်။
ပြီးခဲ့သည့်လက ဧပြီ ၂ ရက်နေ့မှစ၍ မော်တော်ယာဉ်သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စတင်ကောက်ခံမည်ဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့သော်လည်း မတ်လ ၄ ရက်နေ့စ၍ ကနေဒါနှင့် မက္ကဆီတို့မှ သင်္ဘောများအပေါ်တွင် အခွန်စတင်ကောက်ခံသည်ကို ၁ လကြာ ဆိုင်းငံ့လိုက်ပါကြောင်း၊ယင်းဆုံးဖြတ်ချက်သည် အမေရိကန်မော်တော်ယာဉ်ကုမ္ပဏီများသည် အိမ်နီးချင်းနိုင်ငံများတွင်ရှိသောကြောင့်ဖြစ်ကြောင်း၊ အမေရိကန်သို့ ခရီးသည်တင်မော်တော်ယာဉ်တင်ပို့မှုတွင် အဆင့် ၁၆ နှင့် စီးပွားရေးသုံးမော်တော်ယာဉ်တင်ပို့မှုတွင် အဆင့် ၁၁ ရှိသော ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးမူဝါဒအပေါ်စိုးရိမ်နေဆဲဖြစ်ကြောင်း၊ ထရမ့်၏အခွန်မူဝါဒကြောင့် ခရီးသည်တင်နှင့်စီးပွားရေးသုံး မော်တော်ယာဉ်ကဏ္ဍတွင် ကျဆင်းလာမည်ကို စိုးရိမ်နေပါကြောင်း အသင်းချုပ်ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်ဈေးကွက်သို့ ခရီးသည်တင်မော်တော်ယာဉ်အစီးရေ ၄၂,၀၀၀ နှင့် စီးပွားရေးသုံးမော်တော်ယာဉ် ၂၀ စီးတင်ပို့ခဲ့ပြီး အမေရိကန်သည် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလီယံဖြင့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် စီးပွားရေးသုံးမော်တော်ယာဉ်များကို အများဆုံးတင်သွင်းသူဖြစ်ခဲ့ပါကြောင်း၊ လာမည့်လတွင် စီစဉ်ထားသည့်အတိုင်း အခွန်ကောက်ခံပါက ထိုင်းအနေဖြင့်လည်း သက်ရောက်မှုကို ရှောင်ရှားနိုင်မည်မဟုတ်ပါကြောင်း၊ အိမ်ထောင်စုကြွေးမြီမြင့်တက်နေမှုကြောင့် မော်တော်ယာဉ်ချေးငွေများအပေါ် ပယ်ချမှုများကြောင့် ပြည်တွင်းရောင်းအားလည်း ကျဆင်းနေပါကြောင်း၊ ဇန်နဝါရီလအတွင်း ပြည်တွင်းမော်တော်ယာဉ်ရောင်းအားသည် အစီးရေ ၄၈,၀၉၂ စီးဖြင့် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်ပို့မှုလည်း အစီးရေ ၆၂,၃၂၁ စီးဖြင့် ၂၈.၃ ရာခိုင်နှုန်းကျဆင်းခဲ့သဖြင့် ၃၃ လအတွင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း အသင်းချုပ်မော်တော်ယာဉ်အသင်းက သုံးသပ်ပြောကြားခဲ့သည်။
ပို့ကုန်ကျဆင်းရခြင်းမှာ ထရမ့်၏အခွန်အသစ်အပေါ် စိုးရိမ်မှုကြီးထွားလာသကဲ့သို့ တရုတ်မှ ပိုမိုဈေးသက်သာသော မော်တော်ယာဉ်ပို့ကုန်များကြောင့်ဖြစ်ကြောင်း၊ ထိုင်းမော်တော်ယာဉ်ထုတ်လုပ်သူများက မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံထားသော ဂျပန်မော်တော်ယာဉ်ကုမ္ပဏီများမှတစ်ဆင့် အမေရိကန်သို့ သွယ်ဝိုက်တင်ပို့နေသောကြောင့် အမေရိကန်အခွန်အပေါ် စိုးရိမ်မှုမြင့်တက်ခဲ့ပါကြောင်း အသင်းချုပ်မော်တော်ယာဉ်အသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)