ထရမ့်အစိုးရ၏အခွန်များကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးကို သိသိသာသာသက်ရောက်မှုရှိလာနိုင်ပြီး စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းထက်ပင်နည်းနိုင်ရာ ယင်းခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ဝန်ကြီးချုပ်ဦးဆောင်၍ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့မှ ကိုယ်စားလှယ်များဖြင့် အထူးအဖွဲ့တစ်ဖွဲ့ဖွဲစည်းရန် ထိုင်းကုန်သည်ကြီးများအသင်းက အစိုးရထံ တောင်းဆိုခဲ့ပါသည်။
အဆိုပါအဖွဲ့က အမေရိကန်၏ကုန်သွယ်ရေးမူဝါဒကို တုန့်ပြန်ရန် မဟာဗျူဟာများ ချမှတ်သွားရန်ဖြစ်ကြောင်း၊ အမေရိကန်၏သွင်းကုန်ခွန်များသည် နိုင်ငံအများစုကို ဈေးကွက်သစ်များသို့ ရွှေ့ပြောင်းရန် တွန်းပို့လျက်ရှိပြီး အထူးသဖြင့် အရှေ့တောင်အာရှရှိ လျှပ်စစ်ထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ၊ မော်တော်ယာဉ်များ၊ စက်မှုထုတ်ကုန်များ၊ လူသုံးကုန်များနှင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်များဖြစ်ကြောင်း၊ မျှတသောယှဉ်ပြိုင်မှုကို ခြိမ်းခြောက်နိုင်သောကြောင့် အရည်အသွေးနိမ့်ပြီး တန်ဖိုးနည်းသည့်ထုတ်ကုန်များတင်သွင်းလာခြင်းဆိုင်ရာ ပိုမိုတင်းကျပ်သောအစီအမံများကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ပြည်တွင်းဈေးကွက်အတွင်း စီးဝင်ရောက်ရှိလာပြီးဖြစ်သည့် အခွန်မပေးဆောင်ထားသော မှောင်ခိုပစ္စည်းများအတွက် တင်းကျပ်သောဥပဒေကို ချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံခြားပစ္စည်းများ ပြည်တွင်းသို့ စုပုံခြင်းမှ ကာကွယ်ရန် ဥပဒေသစ်များနှင့် အစီအမံသစ်များ စဉ်းစားရန်နှင့် စီးပွားရေးအတွက် ပိုမိုသင့်လျော်စေရေး ယှဉ်ပြိုင်မှုဥပဒေများကို ပြန်လည်သုံးသပ်ရန် အဆိုပြုလိုပါကြောင်း အသင်းဥက္ကဋ္ဌ Mr. Sanan Augubolkul က ပြောကြားခဲ့သည်။
ကုန်သွယ်မှုမျှတရေးဖိအားများကို လျှော့ချရန် အမေရိကန်မှ စိုက်ပျိုးရေးထုတ်ကုန်များ၊ အစားအစာနှင့် စွမ်းအင်များကို ထိုင်းနိုင်ငံအတွင်းသို့ တိုးမြှင့်တင်သွင်းမှုကို လေ့လာသင့်ကြောင်း၊ အမေရိကန်နှင့်သွင်းကုန်အခွန်ခွဲတမ်းများကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ညှိနှိုင်းမှုများတွင် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေကြောင်း၊ အစိုးရအနေဖြင့် ဒီဂျစ်တယ်ဝန်ဆောင်မှု၊ စီမံခန့်ခွဲမှုအခကြေးငွေ၊ မူပိုင်ခွင့်များ၊ ဘဏ်၊ အာမခံ၊ ပညာရေးနှင့် လုပ်ငန်းခွဲများကဲ့သို့သော ဝန်ဆောင်မှုကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်နေခြင်းအပေါ် အချက်အလက်စုဆောင်း၍ စိစစ်သုံးသပ်စေလိုကြောင်း၊ ယင်းအချက်အလက်များသည် ကုန်စည်ကုန်သွယ်မှုအလွန်တွင် ရှုပ်ထွေးသောစီးပွားရေးဆက်နွယ်မှုများကို နားလည်စေရန် အရေးကြီးပါကြောင်း၊ ထိုင်းနိုင်ငံသည် ယင်းကဏ္ဍတွင် သိသာသောလိုငွေဖြစ်ပေါ်နေပြီး ညှိနှိုင်းမှုကို အားကောင်းစေရန် ယင်းဝန်ဆောင်မှုများ၌ စုစုပေါင်းအသုံးစရိတ်ဆိုင်ရာအချက်အလက်များ စုဆောင်းရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံသည် ထိုင်း GDP အပေါ် ၀.၅ ရာခိုင်နှုန်းမှ ၁.၀ ရာခိုင်နှုန်း အပြု သဘောသက်ရောက်နိုင်သည့် ကမ္ဘာ့ကုန်သွယ်ရေးပြောင်းလဲမှုမှ အကျိုးအမြတ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း ဒုတိယဥက္ကဋ္ဌ Mr. Poj Aramwattananont က ဖြည့်စွက်အကြံပြုခဲ့သည်။
ယခုနှစ်စီးပွားရေးတိုးတက်မှုသည် ၃ ရာခိုင်နှုန်းအောက်လျော့နည်းနိုင်းသဖြင့် အစိုးရ၏လျာထားချက် ၃.၅ ရာခိုင်နှုန်းကို လွဲချော်နိုင်ကြောင်း၊ မကြာသေးမီက ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့အပေါ် အခွန်တိုးမြှင့်လိုက်ခြင်းသည် ထိုင်းနိုင်ငံကို သွယ်ဝိုက်သောနည်းဖြင့် သက်ရောက်လာနိုင်ပြီး ဘတ် ၂၀ ဘီလီယံမှ ၂၅ ဘီလီယံအကြား ဆုံးရှုံးမှုဖြင့် GDP ကို ၀.၁ ရာခိုင်နှုန်းမှ ၀.၅ ရာခိုင်နှုန်းကြား ကျဆင်းစေပါကြောင်း၊ မော်တော်ယာဉ်အခွန်တိုးမြှင့်မှုကြောင့် ဘတ် ၆၀ ဘီလီယံမှ ၆၅ ဘီလီယံကြား ဆုံးရှုံးမှုဖြင့် GDP ကို ၀.၃၅ ရာခိုင်နှုန်းမှ ၀.၄ ရာခိုင်နှုန်းကျဆင်းစေမည်ဖြစ်ကြောင်း၊ထရမ့် သည် ထိုင်းနှင့် အခြားနိုင်ငံများမှ ကုန်စည်များပေါ် အခွန်ကောက်ခံပါက အနည်းဆုံးသက်ရောက်မှုသည် ဘတ် ၁၀၀ ဘီလီယံမှ ၁၅၀ ဘီလီယံကြားရှိနိုင်ပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ၂.၃ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသာရှိစေမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အချက်အလက်များအရ ထိုင်းနိုင်ငံသည် အမေရိကန် နှင့်ကုန်သွယ်မှုပိုငွေတွင် အဆင့် ၁၁ ရှိကြောင်း၊ ကုန်သွယ်ရေးမမျှတမှုများကို ဖြေရှင်းရန် အခွင့်အလမ်းများရှိနိုင်ကြောင်း University of Thai Chamber of Commerce(UTCC) ဥက္ကဋ္ဌ Mr.Thanavath Phonvichai က သုံးသပ်ထားသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)