စီးပွားရေးအရ ဖိအားများနှင့် ကန့်သတ်ချုပ်ချယ်မှုများရှိနေသော်လည်း ရုရှားနိုင်ငံသည် ပိုမိုအားကောင်းလာကြောင်း၊ဖော်ရွေမှုမရှိသောနိုင်ငံများက ရုရှားနိုင်ငံအား စီးပွားရေးနယ်ပယ်တွင် တိုက်ခိုက်မှုများ၊ ဖိအားများအဆက်မပြတ်ပေးလျက်ရှိသော်လည်း ရုရှားသည် ပိုမိုအားကောင်းလာခဲ့ကြောင်း မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံသို့ ရုရှားနည်းပညာများယူဆောင်လာရန် အဆိုပြုပါကြောင်း၊ ယင်းသည် ရုရှားအတွက် အခွင့်အလမ်းများပေးလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း၊ ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရင်းနှီး မြှုပ်နှံမှုများကို အာမခံပါကြောင်း၊ အတူပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာအားလုံးကို အလိုအလျောက်ပြေလည်စေမည်ဖြစ်ပြီး အရေးကြီးဆုံး သည် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်သာဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စများများစွာဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းနောက် ကုန်သွယ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ငွေပေးချေမှုဆိုင်ရာနည်းလမ်းများကို အစပြုချိတ်ဆက်ထားနိုင်ပြီဖြစ်၍ ကုန်သွယ်မှုကို ယခင်ကထက် လွယ်ကူချောမွေ့စွာမြှင့်တင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါခရီးစဉ်အတွင်းတွင် နှစ်နိုင်ငံအကြား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို အပြီးသတ်ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပြီး မကြာမီတွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားပါသည်။
Source : https://tass.com/economy/1922947
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)