International News

လုပ်သားရှားပါးလာမှုကြောင့် ဂျပန်နိုင်ငံတွင် ဒေဝါလီခံခဲ့သည့် ကုမ္ပဏီအရေအတွက်မှာ ၁၀ နှစ်အတွင်း အများဆုံးဖြစ်ခဲ့

Last Updated:

လုပ်သားရှားပါးမှုနှင့် ငွေကြေးဖောင်းပွလာမှုတို့ကြောင့် ဂျပန်ကုမ္ပဏီများ၏ ဒေဝါလီခံရမှုအရေအတွက်သည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ၁၀ နှစ်အတွင်း အများဆုံးဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံ၏ ငွေကြေးဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်းတွင် ယန်း ၁၀ သန်း(အမေရိကန်ဒေါ်လာ ၆၂,၂၀၀)နှင့် အထက်ပေးရန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့ဒေဝါလီခံခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လတာကာလတွင် ဒေဝါလီခံခဲ့သည့်ကုမ္ပဏီ ၄,၉၃၁ ခုရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

လုပ်သားရှားပါးမှုကြောင့် ဒေဝါလီခံခဲ့ရသည့်အရေအတွက်မှာ ၂.၂ ဆမြင့်တက်ခဲ့ပြီး၊ ၁၄၅ ခု ရှိခဲ့ကြောင်း၊ အဆိုပါအရေအတွက်မှာ ၂၀၁၃ ခုနှစ်မှစတင်၍ အများဆုံးဖြစ်ခဲ့ကြောင်း၊ ကုန်ဈေးနှုန်းမြင့်မားလာခြင်းကြောင့်  ဒေဝါလီခံခဲ့ရသည့်အရေအတွက်မှာ ၂၃.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃၇၄ ခုရှိခဲ့ကြောင်း၊ အခြားသောကုမ္ပဏီ ၃၂၇ ခုမှ ဒေဝါလီခံခဲ့ရသည့်အကြောင်းအရင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ဂျပန်အစိုးရက ထုတ်ချေးပေးခဲ့သည့် အတိုးမဲ့ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လုပ်ငန်းကဏ္ဍအလိုက်ကြည့်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် ဒေဝါလီခံရမှုအရေအတွက်မှာ ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ တင်းကြပ်ခဲ့သည့် ဂျပန်အစိုးရ၏အချိန်ပိုအလုပ်လုပ်ချိန်ဆိုင်ရာသတ်မှတ်ချက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ဒေဝါလီခံရမှုအရေအတွက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀.၆ ရာခိုင်နှုန်းများပြားခဲ့ပြီး ၉၄၇ ခုရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း ဒေဝါလီခံခဲ့သည့်ကုမ္ပဏီများမှ ပေးရန်ရှိသည့်ကြွေးမြီစုစုပေါင်းမှာ ၇၂၁.၀၄ ဘီလီယံယန်းရှိကြောင်း၊ လုပ်ငန်းကြီးများ၏ ဒေဝါလီခံမှုအရေအတွက်နည်းပါးခဲ့ခြင်းကြောင့် အဆိုပါပမာဏမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀.၆ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ ဒေဝါလီခံခဲ့သည့်ကုမ္ပဏီများတွင် လူ ၁၀ ဦးအောက်ရှိသော အသေးစားကုမ္ပဏီများ၏ အရေအတွက်မှာ ၈၈.၄ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိကာလအတွင်း ဂျပန်နိုင်ငံတွင် ဒေဝါလီခံခဲ့သည့်ကုမ္ပဏီ ၈၁၆၉ ခုရှိခဲ့သော်လည်း၊ အစိုးရ၏ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးမှုများကြောင့် အဆိုပါကာလနောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်အပါအဝင် ဒေဝါလီခံမှုအရေအတွက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတစ်လတည်းတွင် ဂျပန်ကုမ္ပဏီများ၏ဒေဝါလီခံရမှုအရေအတွက်သည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆.၄၉ ရာခိုင်နှုန်းများပြားခဲ့ပြီး၊ ၈၂၀ ခုရှိခဲ့ကြောင်း၊ သို့သော် အဆိုပါကုမ္ပဏီများမှပေးရန်ရှိသည့်ကြွေးမြီစုစုပေါင်းမှာ ၂၇.၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၁၀၉.၈၈ ဘီလီယံယန်းရှိခဲ့ကာ ၄ လဆက်တိုက်ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Japan Today

Category: International News