International News

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်းသစ်သီးဈေးနှုန်းများကျဆင်းနေခြင်းအပေါ် အာရုံစိုက်ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည်ပမှ ထုတ်လုပ်သည့် သစ်သီးတန်ချိန် ၉၅၀,၀၀၀ ဖြန့်ဖြူးခြင်းကို အရှိန်မြှင့်တင်ခြင်းဖြင့် သစ်သီးဈေးနှုန်းကျဆင်းနေခြင်းကို ဖြေရှင်းလျက်ရှိကြောင်း သိရှိရပါ သည်။

သစ်သီးများပိုလျှံနေခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသည် သစ်သီးတန်ချိန် ၉၅၀,၀၀၀ ကိုဖြန့်ဖြူးရန်ရည်ရွယ်၍ ထုတ်လုပ်ခြင်း၊ဈေးကွက်ရှာဖွေခြင်း၊ ပို့ကုန်နှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရန် အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ခူးဆွတ်ရာသီစတင်ချိန်မှစ၍ တောင်သူများအတွက် ဖြန့်ချိရေးလမ်းကြောင်းများ တိုးချဲ့ရန် သစ်သီးအရောင်းမြှင့်တင်ရေးလုပ်ငန်းစဉ်များကို Siam Paragon၊ Central၊ The Mall နှင့် CP Axtra စသည့်လက်လီစတိုးဆိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးအသင်းအဖွဲ့များ၊ ဓာတ်မြေဩဇာထုတ်လုပ်သူများနှင့် စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ “Affordable Fertiliser Programme 2025” ကိုဆောင်ရွက်ခဲ့ပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်အရ တောင်သူများသည် စက်တင်ဘာလ ၃၀ ရက်နေ့ထိ အရည် အသွေးမီ ဓာတ်မြေဩဇာများကို နိုင်ငံတစ်ဝှမ်းရှိ ဓာတ်မြေဩဇာရောင်းချသူ ၂၆ ဦးထံမှ တစ်အိတ်လျှင် ဘတ် ၅၀ နှင့်အထက် လျှော့ဈေးဖြင့် ရရှိနိုင်မည်ဖြစ်ပြီး အိတ်ရေ ၁၀.၀၆ သန်းထိဖြစ်ကြောင်း၊ဝန်ကြီးဌာနသည် ဥရောပသမဂ္ဂ၊တောင်ကိုရီးယား၊ အာဆီယံ-ကနေဒါလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ညှိနှိုင်းမှုများကို ယခုနှစ်ဆုံးပိုင်းတွင် အပြီးသတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ညှိနှိုင်းမှုများပြီးမြောက်သွားပါက ထိုင်းနိုင်ငံသည် နိုင်ငံ ၅၀ ကျော်နှင့် ကုန်သွယ်ရေးချိတ်ဆက်မှုရရှိမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများကို ဈေးကွက်သစ်များကို ရှာဖွေရန်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံနှင့် ပြည်ပရှိ ထိုင်းအစားအသောက်ထုတ်ကုန်များနှင့် ထိုင်းစားသောက်ဆိုင်များတွင် အစစ်အမှတ်ဖြစ်ကြောင်း အာမခံသည့် Thai Select အသိအမှတ်ပြုအမှတ်အသားကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အသစ်ဒီဇိုင်းရေးဆွဲထားသည့် အမှတ်တံဆိပ်သည် သစ်ခွပုံသဏ္ဍာန်ဂုဏ်ထူးဆောင်ကြယ်ဖြစ်ပြီး စားသောက်ဆိုင်များကို အဆင့် ၄ ဆင့်ခွဲခြားထားကာ Thai Select ကြယ် ၁ ပွင့်၊ ကြယ် ၂ ပွင့်၊ ကြယ် ၃ ပွင့် နှင့် Thai Select Casual တို့ဖြစ်ကြောင်း၊ ယင်းခွဲခြားချက်သည် ဘတ်ဂျက်ချွေတာသည့် စားသောက်သူများမှသည် အဆင့်မြင့်စားသောက်သူများအားလုံးအတွက် စားသောက်ဆိုင်များစွာကို လွှမ်းခြုံပါကြောင်း၊ ပြည်ပရှိ ထိုင်းစားသောက်ဆိုင်များကို Thai Select ဖြင့် အသိအမှတ်ပြုသွားရန် ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံမှ ပါဝင်ပစ္စည်းများကို အသုံးပြုစေခြင်းဖြင့် နိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်များမြှင့်တင်ပေးရန်လည်း စီစဉ်ထားကြောင်း ဝန်ကြီး Mr. Pichai က ဆက်လက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News