International News

အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် 2023-24 တွင် နှစ်ဆနီးပါးတိုးလာကာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်

Last Updated:

အိန္ဒိယသည် လယ်သမားများအတွက် မက်လုံးအမျိုးမျိုးအပါအဝင် အစီအစဉ်များစွာ ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း ၎င်း၏ပြည်တွင်းလိုအပ်ချက်အတွက် ပဲမျိုးစုံတင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး 2023-24 တွင် ပဲမျိုးစုံတင်သွင်းမှုသည် နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီး တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ 3.74 ဘီလီယံအထိ ရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် တရားဝင်ကိန်းဂဏန်းကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၂၄.၅ သိန်းသာတင်သွင်းမှုရှိခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၅ သိန်းကျော်တင်သွင်းခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

ပြည်တွင်းဝယ်လိုအားနှင့် စျေးနှုန်းကိုထိန်းညှိရန်အတွက် အစိုးရသည် ပဲမျိုးစုံတင်သွင်းမှုနှစ်ရှည်စာချုပ်များအတွက် ဘရာဇီးနှင့်အာဂျင်တီးနားကဲ့သို့ဈေးကွက်သစ်များနှင့် ညှိနှိုင်းနေကြောင်း အစိုးရသတင်းရင်းမြစ်များအရ သိရှိရပြီး ဘရာဇီးနိုင်ငံမှ မတ်ပဲတန်ချိန် ၂၀,၀၀၀ ကျော်တင်သွင်းမည်ဖြစ်ကြောင်း၊ အာဂျင်တီးနားမှ ပဲစဉ်းငုံတင်သွင်းရန် စေ့စပ်ညှိနှိုင်းမှုမှာ နောက်ဆုံးအဆင့်နီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် မိုဇမ်ဘစ်၊ တန်ဇန်းနီးယား၊ မြန်မာနိုင်ငံတို့နှင့်လည်း ပဲမျိုးစုံတင်သွင်းရန် စာချုပ်များ ချုပ်ဆိုထားသည်။

မကြာသေးမီလများအတွင်း တင်သွင်းမှုများမြင့်တက်လာခြင်းသည် ပြည်တွင်းရောင်းလိုအားကို မြှင့်တင်ရန်နှင့် ဈေးနှုန်းများကိုထိန်းသိမ်းရန် ဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရက ယခုနှစ် ဇွန်လအထိ စားတော်ပဲတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့်ပြုထားသကဲ့သို့ မတ်ပဲနှင့်ပဲစဉ်းငုံတို့ကိုလည်း ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားသည်။

အိန္ဒိယအစိုးရအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များစတင်နေချိန်တွင် ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုမှာ အဓိကစိုးရိမ်စရာဖြစ်နေပြီး ကိန်းဂဏန်းများအရ ပဲမျိုးစုံဈေးနှုန်းကြီးမြင့်မှုသည် ယခုနှစ် မတ်လတွင် ၁၇ ရာခိုင်နှုန်းနှင့် ဖေဖော်ဝါရီလက ၁၉ ရာခိုင်နှုန်းထိရှိခဲ့ကြောင်း သိရှိရသည်။

ပဲဈေးနှုန်းများတည်ငြိမ်မှုရှိစေရန်အတွက် အစိုးရက ဧပြီလ ၁၅ ရက် တနင်္လာနေ့တွင် ပဲမျိုးစုံ သိုလှောင်ထားရှိမှုအပေါ် ကန့်သတ်ချက်များထုတ်ပြန်ခဲ့ပြီး ပြည်နယ်များကို စောင့်ကြည့်ထိန်းကြောင်း ဆောင်ရွက်ရန် တောင်းဆိုထားသည်။

အနိမ့်ဆုံးပံ့ပိုးသတ်မှတ်ဈေးနှုန်းအားတိုးမြှင့်သတ်မှတ်၍ အာမခံဝယ်ယူမှုအစီအစဉ်ကဲ့သို့ အစိုးရမှ တောင်သူများအတွက် မက်လုံးအမျိုးမျိုးပေးခဲ့သော်လည်း ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှုသည် လွန်ခဲ့သည့် ၂ နှစ်မှ ၃ နှစ်အတွင်း ကျဆင်းနေမှုမှာ စိုးရိမ်စရာဖြစ်နေကြောင်းနှင့် ၂၀၂၂-၂၃ ခုနှစ်တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၆၁ သန်းရှိခဲ့သော်လည်း ၂၀၂၃-၂၄ တွင် ပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် ၂၃၄ သိန်းသာရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရသည်။

2019-20 တွင်ပြည်တွင်းပဲမျိုးစုံထွက်ရှိမှုမှာ တန်ချိန် 230.25 သိန်းရှိခဲ့ပြီး 2020-21 တွင် အစိုးရ၏မက်လုံးပေးအစီအစဉ်များကြောင့် ထုတ်လုပ်မှုတန်ချိန် 254.63 သိန်းအထိတိုးလာကာ 2021-22 ခုနှစ်တွင် တန်ချိန် 273.02 သိန်းအထိ မြင့်တက်လာသော်လည်း 2022-2023 ခုနှစ်တွင် တန်ချိန် ၂၆၀.၅၈ သိန်းသို့ ပြန်လည်ကျဆင်းခဲ့သည်။

ယခင်နှစ် မိုးရာသီတွင် ပဲမျိုးစုံထုတ်လုပ်နိုင်မှုတန်ချိန် ၇၆.၂၁ သိန်းနှင့်နှုန်းယှဉ်ပါက ယခုနှစ်တွင် တန်ချိန် ၇၁.၁၈ သိန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားပြီး မတ်ပဲထုတ်လုပ်မှုသည်လည်း တန်ချိန် ၁၇.၆၈ သိန်းမှ တန် ၁၅.၁၅ သိန်းသို့ ကျဆင်းမည်ဟု မျှော်မှန်းထားကြောင်း၊ ပဲတီစိမ်းထုတ်လုပ်မှုမှာလည်း  တန်ချိန် ၁၇.၁၈ သိန်းမှ တန်ချိန် ၁၄.၀၅ သိန်းသို့ ကျဆင်းဖွယ်ရှိကြောင်း သိရသည်။

ပြည်တွင်းပဲမျိုးစုံထွက်ရှိမှုကျဆင်းခြင်းသည် အဓိကထုတ်လုပ်သောဒေသများရှိ ရာသီဥတု အခြေအနေကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြသော်လည်း စိုးရိမ်စရာအချက်တစ်ခုမှာ နွေရာသီပဲမျိုးစုံစိုက်ပျိုးဧရိယာသည် ပြီးခဲ့တဲ့ ၃-၄ နှစ်အတွင်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁-၂၂ တွင် ဟက်တာ ၃၀၇.၃၁ သိန်းရှိရာမှ ၂၀၂၃-၂၄ မှာ ဟက်တာ ၂၅၇.၈၅ သိန်းအထိ လျော့ကျသွားခဲ့ကြောင်း၊ နှစ်နှစ်အတွင်း မျိုးစေ့ချဧရိယာ ၁၆ ရာခိုင်နှုန်းနှင့် ထွက်ရှိမှု ၁၄ ရာခိုင်နှုန်းနီးပါးလျော့ကျခဲ့ကြောင်း သိရှိရသည်။

Source: India Pulses import almost doubled in 2023-24, it may raise further this year, The Economic Times, April 17 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News