International News

၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ၆၃ ရာခိုင်နှုန်းကျော်မှ လစာတိုးမြှင့်ပေးသွားမည်

Last Updated:

ငွေကြေးဖောင်းပွမှုမြင့်တက်လျက်ရှိခြင်းနှင့် လုပ်သားရှားပါးမှုများကြုံတွေ့နေရသည့်အတွက် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ၆၃.၁ ရာခိုင်နှုန်းမှ အခြေခံလစာတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၂-၄-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ထားသည့်စစ်တမ်းအရ သိရှိရပါသည်။

 အဆိုပါသတင်းတွင် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ၅၄.၃ ရာခိုင်နှုန်းမှ လစာတိုးမြှင့်ပေးခဲ့ပြီး ယခုနှစ်တွင် ၈.၈ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့လစာနှုန်းထားတိုးမြှင့်ပေးရန် ဆောင်ရွက်မှုများသည် လစာတိုးမြှင့်မှုနှုန်းကို ငွေကြေးဖောင်းပွမှုနှုန်းထက်ကျော်လွန်စေခြင်းဖြင့် တည်ငြိမ်သောငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းထားနိုင်ရေး ဂျပန်ဗဟိုဘဏ်၏ ရည်မှန်းချက်ကိုလည်း အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း၊ သို့သော် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လစာတိုးမြှင့်ပေးမှုနှုန်းမှာ အကြီးစားလုပ်ငန်းများ၏ လစာတိုးမြှင့်ပေးမှုနှုန်းဖြစ်သည့် ၈၁.၁ ရာခိုင်နှုန်းထက် လျော့နည်းလျက်ရှိဆဲဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းကျော်အလုပ်လုပ်ကိုင်လျက်ရှိသည့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုသည် ဂျပန်နိုင်ငံအတွက် အရေးပါလျက်ရှိကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ၂၄.၄ ရာခိုင်နှုန်းနှင့် အကြီးစားလုပ်ငန်းများ၏ ၅၃.၈ ရာခိုင်နှုန်းမှာ လစာနှုန်းထားကို ၅ ရာခိုင်နှုန်းနှင့်အထက် တိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ လုပ်ငန်းများ၏ ၅၀.၂ ရာခိုင်နှုန်းမှာ တိုးမြှင့်လာသည့် လုပ်အားခနှုန်းများနှင့်အညီ ၎င်းတို့၏ထုတ်ကုန်ဈေးနှုန်းများကို တိုးမြှင့်နိုင်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။ နေထိုင်မှုကုန်ကျစရိတ်များမြင့်တက်လာမှုကြောင့် လုပ်ငန်းကြီးများနည်းတူ လုပ်ငန်းငယ်များအနေဖြင့်လည်း လစာနှုန်းထားများတိုးမြှင့်ပေးနိုင်ရေး အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏စစ်တမ်းကို ဖြေဆိုခဲ့သည့် လုပ်ငန်းရှင်များ၏ ၈၆ ရာခိုင်နှုန်းက ဝန်ထမ်းများ၏ ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ ပိုမိုကောင်းမွန်သောအကျိုးခံစားခွင့်များပေးနိုင်ရေးနှင့် ဝန်ထမ်းများအလုပ်ထွက်မှုလျှော့ချနိုင်ရေးတို့အတွက် လစာနှုန်းထားတိုးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ ၆၇ ရာခိုင်နှုန်းက ငွေကြေးဖောင်းပွမှုမြင့်မားလျက်ရှိခြင်းကြောင့် လစာနှုန်းထားတိုးမြှင့်ပေးရခြင်းဖြစ်ကြောင်းနှင့် ၅၄.၉ ရာခိုင်နှုန်းက နောက်ထပ်ဝန်ထမ်းအသစ်များ ဝင်ရောက်လာစေရေးအတွက်ဖြစ်သည်ဟုဖြေဆိုခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ လုပ်ငန်း ၁,၁၂၅ ခုကို မတ်လလယ်မှ ဧပြီလလယ်အထိ စစ်တမ်းကောက်ယူခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်း ၁၁၂၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ယန်း ၁ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆.၅ သန်း)အောက်ရှိသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ၆၃၈ ခု ပါဝင်ကြောင်း ဖော်ပြထားပါသည်။

Source:     The Mainichi  (၂၂-၄-၂၀၂၄)                                                                               

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News