International News

သဘာဝဓာတ်ငွေ့ရည်ဝယ်ယူရေးနှင့် ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအတွက် စင်ကာပူနိုင်ငံ Energy Market Authority နှင့် JERA Co., Inc တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား သဘာဝဓာတ်ငွေ့ရည်ဝယ်ယူရေးနှင့် ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်စေရန် စင်ကာပူနိုင်ငံ Energy Market Authority နှင့် JERA Co., Inc တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ သဘာဝဓာတ်ငွေ့ရည်ဝယ်ယူရေး၊ ဓာတ်ငွေ့ရည်များထောက်ပံ့ပေးမှုအပေါ် စီမံခန့်ခွဲမှုစသည်တို့တွင် အလေ့ အကျင့်ကောင်းများနှင့် အသိပညာများကို ဝေမျှရန်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများကို ဝေမျှရန် ရည်ရွယ်ပါသည်။

“ကာလလတ်မှ ကာလရှည်တွင် ကာဗွန်နည်းရင်းမြစ်များမှ စွမ်းအင်ထုတ်လုပ်ခြင်းကို မှီခိုနေသော်လည်း သဘာဝဓာတ်ငွေ့သည် စွမ်းအင်ကဏ္ဍအတွက် ဆက်လက်၍ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေမည်ဖြစ်ကြောင်း၊စင်ကာပူနိုင်ငံ၏လျှပ်စစ်ကဏ္ဍအတွက် တည်ငြိမ်ပြီး ယှဉ်ပြိုင် နိုင်စွမ်းရှိသည့်ဈေးနှုန်းဖြင့် သဘာဝဓာတ်ငွေ့ရရှိရန် စင်ကာပူနိုင်ငံ၏ အားထုတ်မှုတစ်ခုဖြစ်ကြောင်း စင်ကာပူနိုင်ငံ Energy Market Authority ၏ Assistant Chief Executive ဖြစ်သူ Mr. Soh Sai Bor က ပြောကြားခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် LNG Cooperation and Energy Transaction နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီးနောက် ရေးထိုးသည့်စာချုပ်ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ ၂ ခုသည် စင်ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပါသည်။

ရင်းမြစ်။        Energy Market Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News