International News

ရုရှား-တရုတ်ကြား ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် လေးလအတွင်း ၄.၇ ရာခိုင်နှုန်းတိုးတက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၆.၅၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄.၇ ရာခိုင်နှုန်းတိုးလာကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ အကောက်ခွန်စာရင်းဇယားများအရ အဆိုပါကာလအတွင်း ရုရှားနိုင်ငံသို့ တရုတ်နိုင်ငံ၏တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၇၃ ဘီလီယံရှိပြီး ၁.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ရုရှား၏ကုန်ပစ္စည်းများတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၃.၈၅ ဘီလီယံရှိပြီး ၁၀.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရသည်။

တရုတ်မှ ရုရှားသို့ အဓိကတင်ပို့သော ကုန်ပစ္စည်းများမှာ မော်တော်ကား၊ စမတ်ဖုန်း၊ စက်မှုနှင့် အထူးပြုစက်ပစ္စည်းကိရိယာများ၊ အရုပ်၊ ဖိနပ်၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ လေအေးပေးစက်နှင့် ကွန်ပျူတာများဖြစ်ပါသည်။

ရုရှားမှ တရုတ်သို့ တင်သွင်းသော ကုန်ပစ္စည်းအများစုမှာ စွမ်းအင်အရင်းအမြစ်များဖြစ်သော ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့ဖြစ်သည်။ အခြားအဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ ကြေးနီနှင့် ကြေးနီသတ္တုရိုင်း၊ သစ်၊ လောင်စာဆီနှင့် ရေထွက်ကုန်များပါဝင်သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၉၀ ဘီလီယံအထိရှိခဲ့ပြီး ၂၉.၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၀.၁၁ ဘီလီယံအထိ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၆.၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ရုရှား-တရုတ်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၆.၆၈ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိ ရပါသည်။

Source :    https://www.kommersant.ru/doc/6689652

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News