International News

အမေရိကန်ပြည်ထောင်စု၏ တန်ပြန်သွင်းကုန်ခွန်များ၏ခြိမ်းခြောက်မှုအကြားတွင် အိန္ဒိယအစိုးရက တရုတ်ကုန်ပစ္စည်းများအစား အမေရိကန်ကုန်ပစ္စည်းများကို အစားထိုးတင်သွင်းရန် ပြည်တွင်းလုပ်ငန်းရှင်များအား တိုက်တွန်းပြောကြား

Last Updated:

အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်ဖက်နိုင်ငံများမှ တင်သွင်းလာသောထုတ်ကုန်များအပေါ် တန်ပြန်သွင်းကုန်ခွန်များ(reciprocal tariffs)ကို ဧပြီလ ၂ ရက်နေ့တွင် စတင်ကောက်ခံရန်စီစဉ်လျက်ရှိသောကြောင့် အိန္ဒိယနိုင်ငံတွင် ကုန်သွယ်ရေးလုပ်ငန်းများအပေါ် ထိခိုက်လာနိုင်သည့် စိုးရိမ်မှုများအကြား အိန္ဒိယစီးပွားရေးနှင့်စက်မှုဝန်ကြီးဌာနသည် တရုတ်နှင့်အခြားနိုင်ငံများမှ ထုတ်ကုန်များအစား အမေရိကန်ထုတ်ကုန်များကိုအစားထိုးတင်သွင်းရန် ပြည်တွင်းလုပ်ငန်းရှင်များအား တိုက်တွန်းပြောကြားလိုက်ကြောင်း Indian Express ၏ဖော်ပြချက်ကို ကိုးကား၍ Financial Express မှ ယခုလ ၁၅ ရက်က ဖော်ပြသည်။

အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန်သမ္မတ Donald Trump က အမေရိကန်ပြည်ထောင်စုမှ တင်ပို့သော မော်တော်ကားနှင့်စိုက်ပျိုးရေးထုတ်ကုန်များအပေါ် အိန္ဒိယမှကောက်ခံသော အခွန်နှုန်းများမြင့်မားနေသည့်အပေါ် ဝေဖန်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ အိန္ဒိယအစိုးရသည် ကမ္ဘာ့ကုန်သွယ် ရေးတွင် တရုတ်နှင့် ဥရောပသမဂ္ဂကဲ့သို့သော စီးပွားရေးအင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးတင်းမာလာစေသည့် အပြောင်းအလဲများကို ထင်ဟပ်လျက်ရှိသော အမေ ရိကန်ပြည်ထောင်စု၏ ကျယ်ပြန့်သောအခွန်အခများကိုရှောင်ရှားရန်အတွက် အမေရိကန်ထုတ်ကုန်များအပေါ် အကောက်ခွန်လျှော့ချရေးနှင့်ဈေးကွက်ဝင်ရောက်ခွင့်များ ပိုမိုဆောင်ရွက်ပေးရန်စဉ်းစားလျက်ရှိကြောင်း သိရသည်။

အစိုးရ၏ မဟာဗျူဟာနှင့် စက်မှုလုပ်ငန်းများ၏ စိုးရိမ်မှုများ

အိန္ဒိယကုန်သွယ်ရေးဝန်ကြီး Piyush Goyal က အစိုးရအနေဖြင့် တင်ပို့သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့်အိန္ဒိယကုန်သွယ်ရေးကဏ္ဍအတွက် အကျိုးရှိသော ရလဒ်များရရှိစေရန် မဟာဗျူဟာမျိုးစုံကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ အဆိုပါတန်ပြန်သွင်းကုန်ခွန်ကိစ္စနှင့်စပ်လျဉ်း၍ ၎င်းက "မိမိကိုယ်မိမိခုခံကာကွယ်လိုစိတ်"(protectionist mindset)မှ ကျော်လွန်၍ ရှေ့ရှုမျှော်မှန်းချက်ဖြင့် လုပ်ဆောင်ကြရန် ကုန်သွယ်ရေးအသိုင်းအဝိုင်းကို တိုက်တွန်းပြောကြားခဲ့သည်။

ယခုလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့သော လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည့် အစည်း အဝေးတစ်ခုတွင် အစိုးရနှင့်လုပ်ငန်းရှင်များအကြား အခွန်နှုန်းသစ်များ၏အကျိုး ဆက်များကို ဆွေးနွေးခဲ့ကြသည်။ သံမဏိနှင့် အလူမီနီယံတင်ပို့သူများက အမေရိကန်၏ ၂၅ ရာခိုင်နှုန်းအခွန်နှုန်းကြောင့် အိန္ဒိယမှ တင်ပို့ကုန် ဒေါ်လာ ၅ ဘီလီယံခန့်ကို ထိခိုက်စေမည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယအင်ဂျင်နီယာပို့ကုန်မြှင့်တင်ရေးကောင်စီ(Engineering Export Promotion Council-EEPC)India ၏ဥက္ကဋ္ဌ Pankaj Chadha က"အသေးစားနှင့်အလတ်စားလုပ်ငန်းများ(MSME)သည် အဆိုပါ တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကိုထုတ်လုပ်နေပြီး အခန်း ၇၃(သံမဏိနှင့်သံထုတ်ကုန် များ)တစ်ခုတည်းကပင် ကန်ဒေါ်လာ ၃ ဘီလီယံကျော်ပါဝင်နေသည်။" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အခွင့်အလမ်းများနှင့် WTO ၏ သတိပေးချက်

တင်ပို့သူအချို့က အမေရိကန်၏အကောက်ခွန်နှုန်းမြှင့်တင်မှုကြောင့် တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့၏ တင်ပို့မှုများကျဆင်းလာချိန်တွင် အိန္ဒိယအနေဖြင့် အမေရိကန်ဈေးကွက်အခွင့်အလမ်းများရရှိနိုင်ကြောင်း ထောက်ပြခဲ့သည်။ အစည်း အဝေးတွင်ပါဝင်သူတစ်ဦးက စိုက်ပျိုးရေးကဏ္ဍကဲ့သို့သော အချို့ကဏ္ဍများမှလွဲ၍ ၎င်းအခွန်များသည် အိန္ဒိယ၏ထုတ်လုပ်မှုကုန်ကျစရိတ်နိမ့်ကျမှုအားသာချက် ကြောင့် အခွင့်အရေးများဖန်တီးပေးနိုင်ကြောင်း၊ အခွန်လျှော့ချမှုရှိလင့်ကစား နောက်ဆုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းသာ အရေးပါမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က ကုန်သွယ်ရေးမူဝါဒများတွင် တည်ငြိမ်မှုမရှိခြင်းနှင့် အခွန်နှုန်းသစ်များထပ်မံပေါ်ထွက်လာနိုင်ခြေတို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို အလယ်အလတ်ကာလတွင် ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ WTO ၏နောက်ဆုံးထုတ်ပြန်ချက်အရ ကုန်သွယ်ရေးဆိုင်ရာအညွှန်းကိန်း (barometer index) ၁၀၂ ဒသမ ၈ အထိ မြင့်တက်နေသော်လည်း အဆိုပါ တိုးတက်မှုသည် ယာယီသာဖြစ်နိုင်ကြောင်း၊ အကောက်ခွန်နှုန်းများ တိုးမည့်အရိပ် အယောင်ကြောင့် လုပ်ငန်းများနှင့် စားသုံးသူများသည် ယခုအခါတွင် ကုန်ပစ္စည်းများကို အရှိန်အဟုန်ဖြင့် တင်သွင်းလျက်ရှိပြီး နှစ်နှောင်းပိုင်းတွင် ဝယ်လိုအားကျဆင်းလာနိုင်ကြောင်း၊ အဆိုပါအခြေအနေများအရ အညွှန်းကိန်းကို သတိထားပြီး သုံးသပ်ရန် WTO မှ အကြံပြုထားသည်။

သို့ပါ၍ အမေရိကန်ပြည်ထောင်စုမှ ယခုနှစ် ဧပြီလ ၂ ရက်နေ့မှစတင်၍ ကျင့်သုံးဆောင်ရွက်ရန် စီစဉ်လျက်ရှိသော ၂၅ ရာခိုင်နှုန်းအထိကောက်ခံသွားမည့် တန်ပြန်သွင်းကုန်ခွန်များ(reciprocal tariffs) များနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံတွင် စိုးရိမ်မကင်းဖြစ်မှုများဖြစ်ပေါ်လျက်ရှိသကဲ့သို့၊ အထူးသဖြင့် သံ၊ သံမဏိနှင့် အလူမီယံထုတ်ကုန်များကို အဓိကတင်ပို့လျက်ရှိသော MSMEs များအပေါ် သက်ရောက်မှုရှိ လာနိုင်သဖြင့် အစိုးရအနေဖြင့် မော်တော်ကားနှင့်စိုက်ပျိုးရေးထုတ်ကုန်များကဲ့သို့ အမေရိကန်သွင်းကုန်များအပေါ် အကောက်အခွန်လျှော့ပေါ့ပေးရန်နှင့်ဈေးကွက်ဝင်ရောက်ခွင့်များပိုမိုဖန်တီးပေးရန် စဉ်းစားလျက်ရှိသည်ကို သိရှိရပါသည်။

Source:         The Financial Express, Replace Chinese goods with US imports – govt tells industry amidst Trump’s tariff threat, March 15, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News