အိန္ဒိယရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော ရိတ်သိမ်းချိန်လွန်ထောက်ပံ့ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာဖြေရှင်းရေးကုမ္ပဏီ Sohan Lal Commodity Management(SLCM)သည် ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအတွက် မြန်မာအမျိုးသမီး၊ ဒေါ်ဖြိုးမေဝင်းအား နိုင်ငံဆိုင်ရာ ဌာနမှူး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်မဟာဗျူဟာအစပြုမှုဌာန၊ SLCM Ltd အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
အဆိုပါရာထူးအခန်းကဏ္ဍအရ ၎င်းအနေဖြင့် မြန်မာနိုင်ငံရှိ SLCM ၏လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်၊ ကုမ္ပဏီ၏မဟာဗျူဟာမြောက်တိုးတက်မှုကို မောင်းနှင်ရန် နှင့် စျေးကွက်အနေအထားကို မြှင့်တင်ရန်အတွက် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးစီမံအုပ်ချုပ်မှုမဟာဘွဲ့(MBA)နှင့် လက်မှတ်ရစီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုပညာရှင်တစ်ဦးဖြစ်သော ဒေါ်ဖြိုးမေဝင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊အရောင်း ဆိုင်ရာ ခေါင်းဆောင်မှုနှင့်မဟာဗျူဟာတိုးတက်မှုနယ်ပယ်တို့၌ လုပ်ငန်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ အတွေ့အကြုံ ၂၄ နှစ်နီးပါးရှိကြောင်း သိရသည်။
၎င်းတို့ကုမ္ပဏီ၏ အဆိုပါမဟာဗျူဟာမြောက်အရွှေ့သည် မြန်မာနိုင်ငံရှိ စိုက်ပျိုး ရေးနှင့် စိုက်ပျိုးရေးမဟုတ်သော ကုန်စည်များအတွက် ရုပ်ပိုင်းနှင့် ဒစ်ဂျစ်တယ်တို့ပေါင်းစပ်ထားသော ဖြေရှင်းနည်းလမ်းများ(phygital solutions)များအပြင် သိပ္ပံ နည်းကျသိုလှောင်ရုံများကို အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ငန်းများတိုးချဲ့ရန်ရည်ရွယ်ထားကြောင်း မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ သိုလှောင်ရုံကဏ္ဍ(Myanmar’s warehousing)သို့ ပထမဆုံးဝင်ရောက်သည့် အိန္ဒိယကုမ္ပဏီအနေဖြင့် SLCM သည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ယနေ့အချိန်အထိ ၎င်းတို့ ကုမ္ပဏီမှ စီမံခန့်ခွဲလျက်ရှိသော ရပိုင်ခွင့်စုစုပေါင်း(Assets Under Management-AUM)တန်ဖိုး၊ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၇၂ သန်းရှိသည့် ဂိုဒေါင် ၃၀၀ ကျော်ကို စီမံခန့်ခွဲခဲ့ပြီး မြန်မာနိုင်ငံ၏မတူကွဲပြားသော လုပ်ငန်းကဏ္ဍအသီးသီးတွင် ကုန်စည်အမျိုးအစား ၁၆၀၀ ကျော်အတွက် end-to-end သိုလှောင်ရုံဖြေရှင်းနည်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။
Source: The Hindu Businessline, SLCM appoints Phyo May Win as company’s Myanmar head, March 19, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)