မန္တလေးဈေးကွက်သို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့် ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းသီးနှံများ ၂၀၂၅ ခုနှစ်မတ်လတိယပတ်အတွင်းဝင်ရောက်မှုအနည်း ငယ်လျော့ကျသွားပြီး စျေးအနည်းငယ်မြင့် သွားကြောင်းသိရှိပါတယ်။ ဈေးကွက်အတွင်းတွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးနှင့် ထိုင်ဝမ်မျိုးနှစ်မျိုးတွေ့ရှိရပြီး တစ်နှစ်ပတ်လုံးဝင်ရောက်သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင်ရှိပြီး၊ ကယ်လိုရီပါဝင်မှုနည်း ခြင်း၊ ဗီတာမင်နှင့်သတ္ထုဓာတ် များစွာပါရှိသည့်အတွက်ခါကြက်ဥစားသုံး ခြင်းဖြင့် အသားအရေလှပစေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်းစေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများ စွာရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခါကြက်ဥ(ခေါ်)မုန်လာဥနီကို အသုပ်၊ အပြုတ်၊ အကြော်၊ အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊ ထမင်းလိပ်၊ကင်မ်ချီ၊တော့ပိုကီ၊ ဘီစကစ်၊ စပါဂ်တီခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊ မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုး စားသောက်ကြကြောင်း သိရပါတယ်။ မန္တလေးကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း တစ်ပိဿာလျှင် လက္ကားဈေးခါကြက်ဥ (ဒေသမျိုး) ၁၈၀၀ ကျပ် နှင့် ၂၀၀၀ကျပ်၊ ထိုင်ဝမ်မျိုး ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်၊ လက်လီဈေးဒေသမျိုး ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ ထိုင်ဝမ်မျိုး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ ခါကြက်ဥမှာ အရောင်းသွက်သည့်ကုန်စည်ဖြစ်ပြီး၊ မန္တလေးမြို့၊ သီရိမာလာ ကုန်စိမ်းစျေးအတွင်း ခါကြက်ဥ(ခေါ်)မုန်လာဥ နီသီးနှံဝင်ရောက်မှုအနေဖြင့် တစ်ပတ်လျှင်(Canter ) ၆ ဘီးကား ၁၅စီးနှင့် ၂၀စီး အကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။
Source: https://www.doca.gov.mm