အိန္ဒိယအစိုးရအနေဖြင့် ပဲမျိုးစုံအား အစိုးရထောက်ပံ့ဈေးနှုန်းဖြင့် ရောင်းချပေးသော Bharat Dal အစီအစဉ်တွင် မူလက ထည့်သွင်းခဲ့သော ကုလားပဲခွဲခြမ်း (chana dal)အပြင် ပဲတီစိမ်းခွဲခြမ်း(Moong Dal)နှင့် ပဲနီလေးခွဲခြမ်း(masur dal) တို့အား ထပ်မံထည့်သွင်း၍ စားသုံးသူများထံရောင်းချပေးခဲ့ကြောင်း သိရသည်။
စျေးနှုန်းတည်ငြိမ်မှုရန်ပုံငွေ(PSF)အောက်တွင် ဝယ်ယူထားသော ပဲတီစိမ်း (Moong)များအား Bharat Dal အမှတ်တံဆိပ်အသုံးပြု၍ အစိုးရထောက်ပံ့သည့်စျေးနှုန်းဖြင့် စားသုံးသူများထံ လက်လီရောင်းချရန်အတွက် ပဲတီစိမ်းခွဲခြမ်းများအဖြစ်သို့ ပြောင်းလဲမည်ဖြစ်သည်။ အလားတူ ပဲနီလေး(Masur)ကိုလည်း ပဲနီလေးခွဲခြမ်းများအဖြစ်သို့ ပြောင်းလဲပြီး စားသုံးသူများထံ လက်လီစျေးနှုန်း ၁ ကီလိုဂရမ်လျှင် ၈၉ ရူပီးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာ၊ အစား အသောက်နှင့် ပြည်သူ့ဖြန့်ဖြူးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး BL Verma က ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုတွင် စာဖြင့် ရေးသား၍ ဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် Bharat Dal အစီအစဉ်၏ပထမအဆင့်တွင် အစိုးရသည် စျေးနှုန်းတည်ငြိမ်မှုရန်ပုံငွေအောက်တွင် ဝယ်ယူထားသော ကုလားပဲ (chana)ကုန်လက်ကျန်များကို ထောက်ပံ့ဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ၆၀ ရူပီးနှုန်းဖြင့် လက်လီရောင်းချရန်အတွက် ခွဲခြမ်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက် Bharat အမှတ်တံဆိပ်ကုလားပဲတန်ချိန် ၁၂ ဒသမ ၃၂ သိန်းခန့်ကို စားသုံးသူများထံ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါအစီအစဉ်၏ ဒုတိယအဆင့်တွင် ကုလားပဲတန်ချိန် ၃ သိန်းကို ၁ ကီလိုဂရမ်လျှင် ရူပီး ၇၀ နှုန်းဖြင့် ကုလားပဲခွဲခြမ်းအားလည်းကောင်း၊ ရူပီး ၅၈ နှုန်းဖြင့် ကုလားပဲလုံးအားလည်းကောင်း ၁ ကီလိုဂရမ်အထုတ်ငယ်များဖြင့် ခွဲဝေရောင်းချပေးခဲ့သည်။ ယင်းနောက် မတ်လ ၁၂ ရက်နေ့အထိ ကုလားပဲ ခွဲခြမ်းတန်ချိန် ၁ ဒသမ ၁၈ သိန်းခန့်နှင့် ကုလားပဲလုံး ၁၃,၄၉၅ တန်ခန့်ကို ပြည်နယ် ၂၆ ခုနှင့် ပြည်ထောင်စုနယ်မြေများသို့ ရွေ့လျားဆိုင်ငယ် ၈,၉၃၉ ခု၊စာရေးကိရိယာအရောင်း ဆိုင်ငယ် ၃,၀၅၁ ခု နှင့် အဓိက e-commerce ပလက်ဖောင်း ၉ ခုတို့မှတစ်ဆင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဒုတိယအဆင့်အောက်ရှိ Bharat အမှတ်တံဆိပ်ပဲခွဲခြမ်းများကို ဗဟိုသမ ဝါယမအဖွဲ့အစည်းသုံးခုဖြစ်သည့် အိန္ဒိယအမျိုးသားစိုက်ပျိုးရေးသမဝါယမရောင်းဝယ်ရေးအဖွဲ့ချုပ်(National Agricultural Cooperative Marketing Federation of India Ltd -Nafed)၊ Kendriya Bhandar နှင့် အိန္ဒိယအမျိုးသားသမဝါယမစားသုံးသူများအဖွဲ့ချုပ်လိမိတက်(National Cooperative Consumers’ Federation of India Limited-NCCF) တို့မှ ၎င်းတို့၏ ကိုယ်ပိုင်အရောင်းဆိုင်များ၊ မော်တော်ယာဉ်များ၊ e-commerce ပလက်ဖောင်းများနှင့် လက်လီအရောင်းဆိုင်ကြီးများမှတစ်ဆင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Bharat အမှတ်တံဆိပ်ကုလားပဲခွဲခြမ်းများရောင်းချမှုပထမအဆင့်၏ အကဲဖြတ်ဆောင်ရွက်ချက်ကို အိန္ဒိယနိုင်ငံအရည်အသွေးကောင်စီက ဆောင်ရွက်ခဲ့သည်။ Bharat အမှတ်တံဆိပ်ပဲခွဲခြမ်းများ ဖြန့်ဖြူးရောင်းချမှုတွင် အများဆုံးခြေရာခံနိုင်စေရန်အတွက် ဖြန့်ဖြူးရေးဆိုင်ရာဓာတ်ပုံများကို အချိန်နှင့်တစ်ပြေးညီထိန်းသိမ်းထားရန်နှင့် အရောင်းဆိုင်ရာတိုးတက်မှုအခြေအနေကို သက်ဆိုင်ရာသို့ နေ့စဉ်သတင်းပို့ရန် အစိုးရအဖွဲ့အစည်းများကို ပုံမှန်ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်း စားနပ် ရိက္ခာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ပါ၍ အိန္ဒိယအစိုးရသည် ပဲမျိုးစုံကို စားသုံးသူများသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်စေရန်အတွက် Bharat အမှတ်တံဆိပ်ပဲမျိုးစုံခွဲခြမ်းများကို အစိုးရထောက်ပံ့ ကြေးဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် ကုလားပဲ၊ ပဲတီစိမ်းနှင့် ပဲနီလေးတို့ကို ဈေးကွက်ပေါက်ဈေးထက် သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
Source: The Hindu Businessline, Govt extends the Bharat Dal range to include moong dal and masur dal, March 19, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)