International News

၂၀၂၄ ခုနှစ် မေလ၌ အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှု ၇၄% မြင့်တက်ခဲ့

Last Updated:

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ယခုနှစ်မေလတွင် တန်ချိန် ၇၆၃၃၀၀ ဖြစ်ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းမှု ၄၃၉၁၇၃ တန်အပေါ် ၇၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ တင်သွင်းမှုမြင့်တက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအားမြင့်တက်လာမှုကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်ကြောင်း၊ မေလတွင် စုစုပေါင်း စားသုံးဆီတင်သွင်းမှုမှာ တန်ချိန်  ၁၅.၂၉ သိန်းဖြစ်ပြီး ယခင်နှစ် မေလ၌ တန်ချိန် ၁၀.၅၈ သိန်းသာ တင်သွင်းမှုရှိကြောင်း အိန္ဒိယ ဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း (Solvent Extractors Association-SEA) က ၁၃-၆-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ စားအုန်းဆီသည် သွင်းကုန်များအနက် အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကြောင်း၊  စားအုန်းဆီကြမ်း (CPO) တင်သွင်းမှုသည် ယခင်နှစ်ကာလတူတွင် ၃၄၈၁၁၈ တန် ရှိရာမှ ယခုနှစ်မေလ၌ ၅၃၂၅၅၅ တန်သို့ မြင့်တက်ခဲ့ကြောင်း၊ သန့်စင်ပြီး စားအုန်းဆီချော (RBD Palm olein) တင်သွင်းမှုမှာ ယခင်နှစ်မေလတွင် ၈၅၂၀၅ တန်သာ တင်သွင်းခဲ့ရာမှ ယခုနှစ် မေလ၌ ၂၂၅၇၄၆ တန်အထိ မြင့်တက်လာခဲ့ကြောင်း၊ သို့သော်လည်း ဆီအုန်းစေ့မှ ထုတ်လုပ်သည့် စားအုန်းဆီကြမ်း (CPKO) တင်သွင်းမှုသည် ယခင်နှစ်တွက် ၅၈၅၀ တန်ရှိခဲ့သော်လည်း ယခုနှစ် မေလ၌  ၄၉၉၉ တန်သို့ ကျဆင်းခဲ့ကြောင်း သိရပါသည်။

အဆင့်မြင့်စားသုံးဆီ အနေဖြင့် နေကြာဆီ တင်သွင်းမှုမှာ ယခင်နှစ်ကာလတူ၌ ၂၉၅၂၀၆ တန်ရှိရာမှ ယခုနှစ်မေလတွင် ၄၁၀၇၂၇ တန် တိုးမြှင့်တင်သွင်းမှုရှိခဲ့ကြောင်း၊ ပဲပုပ်ဆီ တင်သွင်းမှု သည် ယခင်နှစ်ကာလတူ၌ ၃၁၈၈၈၇ တန်ရှိပြီး ယခုနှစ်မေလတွင် ၃၂၄၀၁၆ တန်ထိ တင်သွင်းမှု မြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်သည့် ၂၀၂၃-၂၀၂၄ စျေးကွက်ဝင်နှစ်၏ ပထမ ၇ လအတွင်း စားအုန်းဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၅၃.၄၈ သိန်းရှိရာမှ တန်ချိန် ၄၉.၇၇ သိန်းသို့လည်းကောင်း၊ ပဲပုပ်ဆီတင်သွင်းမှုသည် တန်ချိန် ၉၀.၅၅ သိန်းရှိရာမှ တန်ချိန် ၈၅.၆၇ သိန်းသို့လည်းကောင်း ကျဆင်းခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၏ စားသုံးဆီသိုလှောင်မှု လက်ကျန်မှာ တန်ချိန် ၆၆၈၀၀၀ ရှိကြောင်း၊ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းတို့ကဲ့သို့ အဆင့်မြင့် စားသုံးဆီ အဓိကတင်ပို့သည့်နိုင်ငံများ၌ ထုတ်လုပ်ရောင်းချမှု ပြတ်တောက်ခြင်းကြောင့် ပြီးခဲ့သည့် မေလတွင် ကမ္ဘာ့စားသုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း SEA အသင်းက ပြောကြားထား ပါသည်။

ပဲပုပ်ဆီနှင့် နေကြာဆီဈေးနှုန်းများ မြင့်တက်လာခြင်းသည် အိန္ဒိယပြည်တွင်း၌ ဆီမုံညင်း ဈေးနှုန်းများကို အစိုးရ၏ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်ဖြစ်သော ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၅၆၅၀ နှုန်း၏အထက်၌ ပိုမိုစေဖွယ်ရှိသည့်သဖြင့်လာမည့် မိုးသီးနှံရာသီတွင် တောင်သူများ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုကို တိုးချဲ့စိုက်လာစေရေး လှုံ့ဆော်ပေးလျက်ရှိကြောင်း SEA က ဆက်လက်ပြောကြားပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် သန့်စင်ပြီးစားအုန်းဆီနှင့် စားအုန်းဆီကြမ်းတို့ကို အင်ဒိုနီးရှားနှင့် မလေးရှားတို့မှလည်းကောင်း၊ ပဲပုပ်ဆီကို အာဂျင်တီးနားနှင့် ဘရာဇီးတို့မှလည်းကောင်း၊ နေကြာဆီကို ရုရှား၊ ရိုမေးနီးယား၊ ယူကရိန်းနှင့် အာဂျင်တီးနားနိုင်ငံတို့မှ လည်းကောင်း အဓိက တင်သွင်း လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Economic Times, 13 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News