International News

ပဲစင်းငုံနှင့် ကုလားပဲ သိုလှောင်နိုင်ခွင့်ကန့်သတ်ချက် အိန္ဒိယအစိုးရ ချမှတ်

Last Updated:

အိန္ဒိယနိုင်ငံတွင် ဈေးကွက်အတွင်း ကုန်စည်ရရှိလွယ်မှုကို ကောင်းမွန်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ ပဲစင်းငုံနှင့်ကုလားပဲတို့အား အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏကန့်သတ်ချက်များကို အစိုးရက ၂၁-၆-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ Kabuli ကုလားပဲမျိုး အပါအဝင် အဆိုပါ ပဲစင်းငုံနှင့် ကုလားပဲ အမျိုးအစားတစ်ခုစီအတွက် လက်ကားရောင်းချသူများ အနေဖြင့် တန် ၂၀၀ အထိကိုလည်းကောင်း၊ လက်လီရောင်းချသူများသည် ၅ တန်အထိလည်းကောင်း၊ အကြီးစား လက်လီအရောင်းကွင်းဆက် လုပ်ကိုင်သူများသည် ဆိုင်တစ်ခုလျှင် ၅ တန်အထိနှင့် သိုလှောင်ရုံ၌ အများဆုံးတန် ၂၀၀ အထိကိုလည်းကောင်း၊ ပဲခွဲစက်လုပ်ငန်းများအနေဖြင့် နှစ်စဉ်ကြိတ်ခွဲ ထုတ်လုပ်မှုပမာဏ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် နောက်ဆုံး ၃ လအတွင်း ကြိတ်ခွဲထုတ် လုပ်ခဲ့သည့်ပမာဏတို့အနက် များရာပမာဏကိုလည်းကောင်း လုပ်ငန်းရှင်တစ်ဦးချင်း သိုလှောင်ထားနိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းရှင်းလင်းမှု စတင်ဆောင်ရွက်သည့်နေ့မှ ၄၅ ရက်တာကာလအထိ တင်သွင်းလာသော အဆိုပါ ပဲမျိုးများကို လက်ဝယ်ထားရှိနိုင်မည်ဖြစ်သည်။ ၎င်းပဲအမျိုးအစားများကို သိုလှောင်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများအားလုံးသည် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်လက်ကျန်စင်္ကြန်၌ ထုတ်ဖော်ကြေညာရမည်ဖြစ်ကြောင်း၊ ၎င်းတို့ လက်ဝယ်၌ လက်ရှိသိုလှောင်ထားသော ပမာဏသည် သတ်မှတ်ချက်ထက် ပိုမိုလျက်ရှိပါက ၁၂-၇-၂၀၂၄ ရက်နေ့အတွင်း အဆိုပါသတ်မှတ်ချက်သို့ ရောက်ရှိအောင် လျှော့ချဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုအမိန့်သည် စတင်ထုတ်ပြန်သည့်နေ့မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။

Source: Economic Times, 22 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News